နေပြည်တော်တွင် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ မဟာဘွဲ့နှင့် ဖွံဖြိုးမှုပညာမဟာဘွဲ့ သင်တန်းများ ဖွင့်လှစ်မည်

မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာန နေပြည်တော်မှာ တန်းခွဲအဖြစ် မဟာဘွဲ့သင်တန်းတွေဖြစ်တဲ့ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာမဟာဘွဲ့ (MBF) နဲ့ ဖွံဖြိုးမှုပညာ မဟာဘွဲ့ MDevS သင်တန်းတွေကို ဖွင့်လှစ်တော့မှာ ဖြစ်တဲ့အတွက် လျှောက်လွှာတွေ စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။

MBF & MDevS သင်တန်းတွေကို အပတ်စဉ် စနေနဲ့ တနင်္ဂနွေနေ့တွေမှာ တက်ရောက်ရမှာ ဖြစ်ပြီး သင်တန်းကာလ ၂ နှစ်ကြာမြင့်မှာဖြစ်တဲ့ မဟာဘွဲ့သင်တန်းတွေဖြစ်တယ်လို့ သိရပါတယ်။ မဟာဘွဲ့ တက်ရောက်လိုသူတွေ အနေနဲ့ အသိမှတ်ပြု တက္ကသိုလ်တစ်ခုခုကနေ ဘွဲ့တစ်ခုခုရရှိသူ ဖြစ်ရမှာဖြစ်ပြီး အခြားတက္ကသိုလ် တစ်ခုခုမှာ အခြားသင်တန်းတက်ရောက်နေသူ မဖြစ်စေဖို့ လိုအပ်ကြောင်း၊ သတ်မှတ်ထားတဲ့ သင်ရိုးအတိုင်း အချိန်ပြည့် တတ်ရောက်နိုင်ရန် လိုအပ်ကြောင်း သိရပါတယ်။ အစိုးရဌာနဖြစ်ပါက အနည်းဆုံး ပြန်တမ်းဝင်အရာရှိ လုပ်သက် (၂) နှစ်နဲ့ ပုဂ္ဂလိကလုပ်ငန်း ဆိုပါက မန်နေဂျာ လုပ်သက် အနည်းဆုံး (၂) နှစ် ရှိရမယ်လို့ ထုတ်ပြန်ချက်မှာ ပါ၀င်ပါတယ်။

MBF သင်တန်းအတွက်ကတော့ ဘဏ်လုပ်ငန်း(သို့) ဘဏ္ဏာရေးဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ ရှိရမှာဖြစ်ပါတယ်။ တက်ရောက်လိုသူတွေအနေနဲ့ သက်ဆိုင်ရာအကြီးအကဲရဲ့ ထောက်ခံချက် ပါရမှာဖြစ်ပြီး ရေးဖြေစာမေးပွဲ၊ နှုတ်ဖြေ စာမေးပွဲဖြေဆိုရမှာဖြစ်ပါတယ်။ ရေးဖြေစာမေးပွဲမှာ အဆင့်မီသူတွေကို လူတွေ့စစ်ဆေးဆောင်ရွက်သွားမှာ ဖြစ်ပြီး သင်တန်းသားဦးရေ ကန့်သတ်ထားမှာဖြစ်ပါတယ်။

သင်တန်းနဲ့ သက်ဆိုင်တဲ့ လျှောက်လွှာနဲ့ ပုံစံတွေကို အောက်တိုဘာ ၂၁ ရက်ကနေစပြီး စနေ၊ တနင်္ဂနွေ အပါအ၀င် ရက်တွေမှာ နေပြည်တော် အ.ထ.က (၈) မှာ လာရောက် ထုတ်ယူနိုင်မယ်လို့ သိရပါတယ်။ ၀င်ခွင့်ရေးဖြေ စာမေးပွဲကို ဒီဇင်ဘာ ၈ ရက်မှာ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

-ကျော်ဇေယျ