နိုင်ငံ့ဝန်ထမ်းမဟုတ်သော သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များအား ၂၀၂၁ ပညာသင်နှစ်တွင် MDSC General သင်တန်းသို့ တက်ရောက်ခွင့်ပြုမည်

နိုင်ငံ့ဝန်ထမ်းမဟုတ်သော သွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန်တွေကို ၂၀၂၁ ပညာသင်နှစ်မှာ MDSC General သင်တန်းသို့ တက်ရောက်ခွင့်ပြုမှာဖြစ်တယ်လို့ မတ် ၂၃ ရက်က ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှ သိရပါတယ်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့မှာ ဒလမဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေးက အစိုးရဝန်ထမ်းမဟုတ်သော ပြင်ပသွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်များအား သက်ဆိုင်ရာဘာသာရပ် တစ်ခုချင်းစီအလိုက် အထူးပြုမဟာဘွဲ့လွန်ပညာများ ဆက်လက်သင်ကြားပေးရန်အတွက် မည်သည့် ပညာသင်နှစ်တွင် စတင်သင်ကြားပေးမည်နှင့် မည်သည့်တက္ကသိုလ်တွင် သင်ကြားပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့တာဖြစ်ပါတယ်။

အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က နိုင်ငံ့ဝန်ထမ်းမဟုတ်သော သွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန်များအား ၂၀၂၁ ပညာသင်နှစ်တွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) နဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (မန္တလေး) တို့မှာ ဖွင့်လှစ်မယ့် MDSC General သင်တန်းသို့ တက်ရောက်ခွင့်ပြုသွားမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။ သင်တန်းတက်ရောက်ခွင့်ရရှိသူများ၊ နိုင်ငံ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းမဟုတ်သူ စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကို နိုင်ငံ့ဝန်ထမ်းမဟုတ်သော သွားနှင့် ခံတွင်းဆိုင်ရာဆရာဝန်များအား တက်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းမဟုတ်သော သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များအတွက် အထွေထွေသွားရောဂါကုဆေးပညာ Diploma သင်တန်းအောင်မြင်ပြီး နှစ်နှစ်ပြည့်ပြီးသူများကိုသာ ဝင်ခွင့်ဖြေဆိုခွင့်ပြုသွားမည် ဖြစ် ကြောင်းနဲ့ သင်တန်းကြေးအား ညှိနှိုင်းဆဲဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ် မတ်လမှည ကျင်းပမယ့် ဘွဲ့လွန် ဆေးပညာသင်ကြားရေး အဖွဲ့အစည်းအဝေးမှာ ဝင်ခွင့်အရည် အချင်းသတ်မှတ်ချက်တွေနဲ့ သင်တန်းကြေးများကို အတည်ပြုကာ ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ဘွဲ့လွန် သင်တန်းများဝင်ခွင့်လျှောက်လွှာခေါ်ယူတဲ့အခါ ထည့်သွင်းခေါ်ယူ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ဆက်လက်ဖြေကြားခဲ့ပါတယ်။

-ဝေဝေ