နိုင်ငံတစ်ဝှမ်း လွှမ်းခြုံထားသည့် 4G ကွန်ရက်အား 4.5G ကွန်ရက်အဖြစ် တယ်လီနောမြန်မာ မြှင့်တင်

နိုင်ငံတစ်ဝှမ်း လက်ရှိ ပေးအပ်လျက်ရှိတဲ့ 4G ကွန်ရက်ထက် နှစ်ဆမြန်ဆန်ပြီး မြန်နှုန်းအနေဖြင့် 600 Mbps အထိပံ့ပိုးပေးနိုင်မယ့် 4.5G ကွန်ရက်အဖြစ် တယ်လီနောမြန်မာမှ အဆင့်မြှင့်တင်လိုက်တယ်လို့ သိရပါတယ်။ အဆိုပါ ကွန်ရက်နှင့်အတူ တယ်လီနောမြန်မာအနေဖြင့် အကျယ် ပြန့်ဆုံး ဒေတာနဲ့ ဖုန်းခေါ်ဆိုမှုဆိုင်ရာ ကွန်ရက်လွှမ်းခြုံမှုအပြင် ဗီဒီယိုနဲ့ ဂိမ်းများအတွက်လည်း အကောင်း မွန်ဆုံး ကွန်ရက်အရည်အသွေးကို ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။

4.5G သုံးစွဲမှုအတွေ့အကြုံကို ရန်ကုန်နဲ့ မန္တလေး (မြို့ကြီး / ဧရိယာ) များမှာ စတင်အသုံးပြုနိုင်ပြီဖြစ်ပြီး မကြာမီကာလအတွင်း နိုင်ငံအဝှမ်း ဖြန့်ကြက် မိတ်ဆက်သွားမယ်လို့လည်း သိရပါတယ်။

“မြန်မာနိုင်ငံက 2G ကွန်ရက်ကနေ 3G၊ အခုဆိုရင် 4G အထိတောင် တစ်ဆင့်ချင်းစီ ပြောင်းလဲလာပါတယ်။ အခုလို ဒေတာတိုးတက်ပြောင်းလဲလာမှု ဖြစ်စဉ်ရဲ့ နောက်ထပ် အရေးကြီးတဲ့ ခြေလှမ်းသစ်အနေနဲ့ ဒီကနေ့မှာတော့ ခေတ်မီဆန်းသစ်လှတဲ့ 4.5G ကွန်ရက်ကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ မိတ်ဆက်လိုက်ပါပြီ။ ကိုဗစ်-၁၉ က ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝတွေမှာ သက်ရောက်မှုများစွာ ရှိလာတဲ့အတွက်ကြောင့် အခုမိတ်ဆက်လိုက်တဲ့ အရာတွေက လူတိုင်းအပြင် ရှိရှိသမျှအရာအားလုံး အတွက် ဒစ်ဂျစ်တယ်ကူးပြောင်းမှု ဖြစ်စဥ်ကို အရှိန်အဟုန် မြှင့်တင်ပေးရာ ရောက်တယ်လို့လည်း ယုံကြည်ပါတယ်။ သုံးစွဲသူတွေက အွန်လိုင်းပိုမိုသုံးစွဲမှု များလာကြတဲ့အပြင် သတင်း အချက်အလက်နဲ့ ဖျော်ဖြေရေး၊ အွန်လိုင်းကုန်သွယ်မှု (e-commerce)၊ မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုဆိုင်ရာ ကဏ္ဍတွေအပြင် တစ်ဦးနဲ့တစ်ဦး အဆက်မပြတ်ဖို့လည်း အင်တာနက်အပေါ် မှီခိုလာကြတဲ့အတွက် နောင်တစ် ချိန်အတွက် အဆင်သင့်ဖြစ်နေမယ့် ကွန်ရက်အပြင် ခေတ်ရှေ့ပြေးနေမယ့် ဝန်ဆောင်မှုတွေဟာလည်း လိုအပ်လာ ပါတယ်” လို့ တယ်လီနောမြန်မာရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Jon Omund Revhaug က ပြောကြား ခဲ့ပါတယ်။

4.5G ကွန်ရက်မြှင့်တင်မှုနှင့်အတူ ဒေတာအသုံးပြုမှု အတွေ့အကြုသစ် ရရှိနိုင်မယ့် အားရပါးရပက်ကေ့ချ်၊ Speed+ ဝန်ဆောင်မှု၊ စုံလင်တောက်ပ ပက်ကေ့ချ်၊ ချစ်ချစ်ခင်ခင်ပက်ကေ့ချ်နှင့် MyTelenor အက်ပ် (App) အတွင်း ရေးဆွဲထားတဲ့ ဩဘာညံညံဂိမ်း စတဲ့ ဝန်ဆောင်မှုသစ် (၅) မျိုးကိုပါ မိတ်ဆက်လိုက်ပြီး အဆိုပါ ဝန်ဆောင်မှုတွေကို နိုဝင်ဘာလ ၂၁ ရက်မှ စတင်ကာ ရယူအသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲလိုသူတွေအနေနဲ့ MyTelenor အက်ပ်ရဲ့ နောက်ဆုံးဗားရှင်း (3.19) ကို အက်ပဲလ်အက်ပ်စတိုး (Apple App Store) နဲ့ ဂူဂဲလ်ပလေး (Google Play) တို့မှတစ်ဆင့် ဒေါင်းလုဒ်ရယူထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

-ရဲထွဋ်ဝင်း

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««