နိုင်ငံတစ်ဝန်းမှ ဆရာ၊ ဆရာမ သုံးသောင်းငါးထောင်ကျော်ကို မြန်မာဒီဂျစ်တယ် ပညာရေးပလက်ဖောင်းအစီအစဉ်ဖြင့် သင်တန်းများ ပို့ချလျက်ရှိ

နိုင်ငံတစ်ဝန်းမှ ဆရာ၊ ဆရာမ သုံးသောင်းငါးထောင်ကျော် အတွက် နည်းပြဆရာသင်တန်းတွေကို မြန်မာဒီဂျစ်တယ် ပညာရေးပလက်ဖောင်း (MDEP) အစီအစဉ်နဲ့ ပို့ချလျက် ရှိတယ်လို့ ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး မှ သိရပါတယ်။

အထက်တန်းကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် ဖွင့်လှစ်ရန်လျာထားပြီး လိုအပ်ချက်တွေနဲ့ အားနည်းချက်များအပေါ်မူတည်၍ ပြင်ဆင်ကာ အလယ်တန်း အဆင့်၊ မူလတန်းအဆင့်ကျောင်းများကို တစ်ဆင့်ချင်း ဖွင့်လှစ်သွားရန် စီမံဆောင်ရွက်လျက် ရှိကြောင်း၊ ကျန်းမာ၍ ဘေးကင်းလုံခြုံသော သင်ယူမှုပတ်ဝန်း ကျင်ကို ဖန်တီးလျက် သင်ယူမှုမဆုံးရှုံးစေရေး၊ မည်သည့်ခွဲခြားမှုမျှမရှိရေး၊ ကျောင်းထွက်နှုန်း လျော့ကျရေးတို့ကို ဦးစားပေးမူဝါဒ ချမှတ်အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း၊ကျန်းမာရေး အသိပညာပေးသင်တန်းနဲ့ Grade 4,7,10 သင်ရိုးသစ် သင်ကြား သင်ယူမှုနည်းစနစ်များအတွက် အွန်လိုင်းသင်တန်းနှင့် ၅ ရက်ကြာ ကိုယ်တိုင်တက်ရောက် သင်ယူသောသင်တန်း များကို ပို့ချလျက်ရှိကြောင်း၊ နိုင်ငံတစ်ဝန်းမှ ဆရာ၊ ဆရာမ သုံးသောင်းငါးထောင်ကျော် အတွက် နည်းပြဆရာသင်တန်းများကို မြန်မာဒီဂျစ်တယ် ပညာရေးပလက်ဖောင်း (MDEP) အစီအစဉ်နဲ့ ပို့ချလျက် ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ကပြောပါတယ်။

ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို Video Conferencing စနစ်နဲ့ ဇွန် ၁၅ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Mr. Kristian Schmidt ဦးဆောင်သောအဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

 

Photo-Education Information Department