နိုင်ငံတကာသင်ရိုးဖြင့်သင်ကြားသောကျောင်းများမှ ပြည်တွင်း အစိုးရကျောင်းများသို့ရွှေ့ပြောင်းလိုသူတွေအတွက် Placement Test ဖြေဆိုရန်လျှောက်လွှာခေါ်ယူ

ပညာရေးဝန်ကြီးဌာန အောက်ရှိ အခြေခံပညာကျောင်းများနှင့်ဝန်ကြီးဌာနမှ ခွင့်ပြုထားသော ကိုယ်ပိုင်ကျောင်းများသို့ ပြောင်းရွှေ့သင်ကြား လိုသော နိုင်ငံတကာကျောင်းတွေနဲ့ နိုင်ငံတကာ သင်ရိုးနဲ့သင်ကြား နေသော ပြည်တွင်းပုဂ္ဂလိက ကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ အကြောင်းအမျိုးမျိုးဖြင့် ပညာဆက်လက်သင်ကြားလိုသူများအတွက် Placement Test ဖြေဆိုရန် လျှောက်လွှာခေါ်ယူ နေပါတယ်။

လျှောက်ထားသူတွေဟာ မိမိအောင်မြင်ခဲ့တဲ့ level အရ တက်ရောက်သင်ကြားလိုသော အတန်း၏တစ်ဆင့်နိမ့်အတန်း Placement Test ကိုဖြေဆိုရမှာဖြစ်ပြီး ပညာရေးဝန်ကြီးဌာန ရဲ့ အတန်းအလိုက် သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်းအတိုင်း ဘာသာရပ်များ ကို ဖြေဆို ရမှာဖြစ်ပါတယ်။ ဖြေဆိုလိုသော အတန်းနှင့် ကျောင်းမွေးသက္ကရာဇ် အရ အသက်ကိုက်ညီမှု ရှိရမှာဖြစ်ပါတယ်။လျှောက်လွှာတွေကို တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံး တွေမှာ ဇွန် ၁၉ ရက်မှ စတင်ကာ အခမဲ့ ထုတ်ယူနိုင်ပြီး ဇွန် ၂၆ ရက် နောက်ဆုံးထား ပြန်လည်တင်သွင်းရမှာပါ။

လျှောက်လွှာနဲ့အတူ မိမိတက်ရောက်ခဲ့တဲ့ကျောင်းမှ ဖြေဆိုအောင်မြင်ပြီးတဲ့ Level အတွက် ကျောင်းထောက်ခံချက်မူရင်း (သို့မဟုတ်) အောင်လက်မှတ် မူရင်း၊ မွေးစာရင်း (သို့မဟုတ်) အသက်အတွက် ထောက်ခံ ချက်မူရင်း တွေကိုပူးတွဲတင်ပြရမှာဖြစ်ပါတယ်။

စာမေးပွဲကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစီအစဥ်ဖြင့် ခရိုင်ရုံးစိုက်ရာ မြို့တွေမှာ ဇူလိုင် ၄ ရက်မှ ၆ ရက်အထိ ဖြေဆိုရမှာဖြစ်ပြီး အသေးစိတ်ကို လျှောက်လွှာထုတ်ယူတင်သွင်းခဲ့သော တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူး ရုံးတွေကို ဆက်သွယ်မေးမြန်းနိုင် ပါတယ်။

-သန္တာ