နိုင်ငံတကာဈေးကွက်အတွက် streaming ဝန်ဆောင်မှုအသစ် ဖြန့်ချိမယ့် Disney

Disney ဟာ ၂၀၂၁ ခုနှစ်အတွင်း Star အမှတ်တံဆိပ်အမည်နဲ့ နိုင်ငံရပ်ခြား streaming platform တစ်ခုကို ဖြန့်ချိဖို့ စီစဉ်ထားတယ်လို့ စီအီးအို ဘော့ချာပတ်က ကြေညာလိုက်ပါတယ်။

ချာပတ်ကတော့ platform အသေးစိတ်အချက်တွေကို မပြောကြားခဲ့ပါဘူး။ Star ဝန်ဆောင်မှုမှာ ABC, FX, Freeform, Searchlight နဲ့ 20th Century Studio တွေက ဖျော်ဖြေရေး content အမျိုးမျိုး ပါဝင်မယ်လို့ ပြောခဲ့ပါတယ်။

Star မှာ ခွင့်ပြုချက်ယူရမယ့် content မပါဝင်ဘူးလို့ သိရပါတယ်။ Disney ရဲ့အခြားဝန်ဆောင်မှု Hulu နဲ့ ကွဲပြားမှုရှိလာပါမယ်။ လာမယ့်ရက်အနည်းငယ်အတွင်း Disney Plus, Hulu, ESPN Plus နဲ့ Star အတွက် အစီအစဉ်တွေကို ထပ်ကြေညာဖို့ရှိပါတယ်။ Disney Plus လစဉ်ကြေးပေးသွင်းအသုံးပြုသူ သန်း ၆၀ ကျော်လွန်သွားသလို Disney ကလည်း အခုကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

Disney ရဲ့ streaming ဝန်ဆောင်မှု Hulu, ESPN Plus နဲ့ Disney Plus ကိုအသုံးပြုနေသူတွေက သန်း ၁၀၀ ကျော်ရှိလာပါတယ်။ Streaming ဝန်ဆောင်မှုက Disney အတွက် တောက်ပတဲ့ အနာဂတ် ဖြစ်နေပေမယ့်လည်း အခု သုံးလပတ်မှာတော့ ဝင်ငွေကျဆင်းခဲ့ပါတယ်။

-စိုးထက်
Ref: TheVerge