နိုင်ငံခြားကျောင်းပေါင်းစုံ ပညာရေးပြပွဲကို (၁၂) ကြိမ်မြောက်ကျင်းပမည်

ကမ္ဘာ့အဆင့် နိုင်ငံခြားတက္ကသိုလ် ကျောင်းပေါင်းစုံပါဝင်တဲ့ MSI ပညာရေးပြပွဲကို (၁၂) ကြိမ်မြောက်အဖြစ် ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ပညာရေးပြပွဲကို ဒီဇင်ဘာ ၁၄ ရက်၊ နံနက် ၁၀ နာရီမှ နေ့လယ် ၁ နာရီအထိ ရန်ကုန်မြို့ရှိ Sule Shangri-La Hotel (ပဲခူးခန်းမ) မှာလည်းကောင်း၊ ဒီဇင်ဘာ ၁၅ ရက် နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ မန္တလေးမြို့ရှိ Hilton Hotel ၊ အမရပူရခန်းမမှာလည်းကောင်း ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်တွေရဲ့ အနာဂတ်ပညာရေး ပိုမိုထွန်းပေါက်စေဖို့ အင်္ဂလန်၊ အမေရိကန်၊ ဆွစ်ဇာလန် ၊ သြစတြေးလျ ၊ ကနေဒါ ၊ ဟော်လန် ၊ နယူးဇီလန် ၊ စပိန်၊ စင်ကာပူ၊ တရုတ် ၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့ရှိ တက္ကသိုလ်ကျောင်းပေါင်း ၁၈ ကျောင်း မှ ပါဝင်ပြသသွားမှာဖြစ်ပါတယ်။

ပညာရေးပြပွဲမှာ ရာနှုန်းပြည့် ပညာသင်ဆုများအကြောင်းနဲ့ တစ်ပတ်လျှင် နာရီ ၂၀ နဲ့ ပိတ်ရက်တွေမှာ တရားဝင် အလုပ်လုပ်ကိုင်နိုင်မယ့် အကြောင်းတွေ ၊ ဝင်ငွေလုပ်ခလစာရ internship (အလုပ်သင်ကာလ) များကို ထားရှိပေးပြီး ဘွဲ့ရပြီးပါက မိတ်ဖက်ကုမ္ပဏီများမှာ ခိုင်မာစွာ အလုပ်အကိုင် ရရှိနိုင်မယ့်အကြောင်းတွေ၊ စင်ကာပူ ၊ ထိုင်း ၊ တရုတ် နဲ့ မလေးရှား နိုင်ငံတို့မှ တစ်ဆင့် အခြားနိုင်ငံကြီးများသို့ “Study Abroad” နှင့် “Semester Exchange program” တို့ကို ကုန်ကျစရိတ် သက်သာစွာနဲ့ ပညာဆက်လက် သင်ယူနိုင်မယ့်အကြောင်းတွေ ၊ ပြည်တွင်းနဲ့ ပြည်ပနိုင်ငံများရဲ့ ပညာရေး အခွင့်အလမ်း ကွာခြားမှုများအကြောင်းတွေ အပြင် ဘွဲ့ရပြီးပါက ရရှိမယ့် Postgraduate Work Permit (၃) နှစ်အထိ နေထိုင်ခွင့်လျှောက်ထားနိုင်မယ့် အကြောင်းတွေကို မေးမြန်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ပညာရေးပြပွဲကြီးသို့တက်ရောက်ရန် စာရင်းပေးသွင်းလိုသူတွေအနေနဲ့ Myanmar Search International ပညာရေးဝန်ဆောင်မှု ရန်ကုန်ရုံးချုပ် ဖုန်း-၀၉၅၁၀၃၉၁၅ နဲ့ မန္တလေး ရုံးခွဲ ဖုန်း-၀၉၄၄၄၄၄၃၉၁၇ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-သန္တာ