နာမည်ကျော် VPN နဲ့ကြော်ငြာပိတ်ပင်တဲ့ app တွေ သုံးစွဲသူအချက်အလက်ကို စုဆောင်းနေ

နည်းပညာဆိုင်ရာ developer တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကြား လူသိများတဲ့ analytics platform ဖြစ်တဲ့ Sensor Tower ဟာ လူသန်းပေါင်းများစွာဆီက အချက်အလက်တွေကို တိတ်တဆိတ် စုဆောင်းနေပါတယ်။ Sensor Tower ဟာ Android နဲ့ iOS က နာမည်ကျော် VPN နဲ့ ကြော်ငြာပိတ်ပင်တဲ့ app တွေ install လုပ်ထားသူတွေဆီက အချက်အလက်ကို ရယူစုဆောင်းနေတာ ဖြစ်ပါတယ်။ အဲဒီကိစ္စကို BuzzFeed News စုံစမ်းစစ်ဆေးမှုက တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

VPN နဲ့ ကြော်ငြာပိတ်ပင်တဲ့ app တွေက Sensor Tower နဲ့ဆက်စပ်မှုကို မဖော်ပြထားသလို အချက်အလက်ကို ပေးပို့နေတာကိုလည်း မဖော်ထုတ်ခဲ့ပါဘူး။ အဲဒီ app တွေကို download ပြုလုပ်မှု အကြိမ်ရေ ၃၅ သန်းကျော် ရှိပါတယ်။

၂၀၁၅ နောက်ပိုင်းကစပြီး Sensor Tower ဟာ Android နဲ့ iOS app ၂၀ နီးပါး ပိုင်ဆိုင်ထားပါတယ်။ အဲဒီ app တွေထဲက ၄ ခုကတော့ Free and Unlimited VPN, Luna VPN, Mobile Data နဲ့ Adblock Focus တို့ဖြစ်ပြီး ဒီ app တွေက Google Play Store မှာရှိပါတယ်။ Adblock Focus နဲ့ Luna VPN တို့ကလည်း Apple ရဲ့ App Store မှာရှိခဲ့ဖူးပါတယ်။ BuzzFeed News ကဆက်သွယ်ခဲ့ပြီးနောက် Apple က Adblock Focus ကိုဖယ်ရှားခဲ့သလို Google ကလည်း Mobile Data ကိုဖယ်ရှားခဲ့ပါတယ်။ အဲဒီ app တွေနဲ့ပတ်သက်ပြီး Google နဲ့ Apple က ဆက်လက်ဖယ်ရှားသွားမယ်လို့ ပြောထားပါတယ်။

စိုးထက်
Ref: BuzzFeedNews