နည်းပညာဆိုင်ရာပြိုင်ပွဲ The Hackathon 2019 ကျင်းပမည်

အူရီဒူးမြန်မာနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) တို့အနေနဲ့ Impact Hub နဲ့ ပူးပေါင်းပြီး ဒုတိယအကြိမ်မြောက် နည်းပညာဆိုင်ရာပြိုင်ပွဲ The Hackathon ကို အောက်တိုဘာ ၁၈ ရက်မှ ၂၀ ရက် အထိ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ယခုနှစ် The Hackathon 2019 မှာ မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်သူများ၊ လူငယ်များနဲ့ start ups များကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကဏ္ဍ ဟူ၍ ကဏ္ဍ ၃ ရပ် အတွက် ဒီဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းချက်တွေကို ဖန်တီးဖို့ ဖိတ်ခေါ်မှာဖြစ်ကြောင်း၊ ကွန်ပြူတာပရိုပရမ် ရေးဆွဲခြင်း၊ ဒီဇိုင်း၊ ဆက်သွယ်ရေး၊ လူမှုဖူလုံရေးနှင့် ထိရောက်သော ဖြေရှင်းချက်များကို ဖန်တီးအဖြေရှာလိုသော မည်သူမဆို The Hackathon 2019 နည်းပညာဆိုင်ရာ ပြိုင်ပွဲမှာ ပါဝင်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အတွေ့အကြုံအပေါ်မူတည်၍ ပြိုင်ပွဲဝင်များကို အငယ်တန်းအဆင့်နှင့် ပညာရှင်အဆင့်ဟူ၍ သတ်မှတ်ပိုင်းခြားပေးသွားမှာဖြစ်ကြောင်းနဲ့ အဆင့်တစ်ခုချင်းစီမှ အနိုင်ရရှိတဲ့ အဖွဲ့ ၃ ဖွဲ့ဟာ ၎င်းတို့ရဲ့ စီမံကိန်းတွေကို ဆက်လက်လုပ်ကိုင်ရန် ငွေကြေး ထောက်ပံ့မှုများအပြင် အူရီဒူးနဲ့ UNDP တို့မှ ပူးပေါင်းပြုလုပ်သွားမယ့် ဖွံဖြိုးတိုးတက်မှုသင်တန်းကိုလည်း တက်ရောက်သင်ယူခွင့် ရရှိမှာဖြစ်ပါတယ်။

The Hackathon 2019 နည်းပညာပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို www.thehac-kathon2019.com မှာ ဝင်ရောက်ကြည့်ရှုနိုင်သလို ပြိုင်ပွဲအတွက် လျှောက်လွှာတွေကို အောက်တိုဘာ ၄ ရက်အထိ လက်ခံသွားမယ်လို့ သိရပါတယ်။

-အောင်သူ