နည်းပညာတက္ကသိုလ် (မန္တလေး) ဘားကမ့်မှာ Hardware Hackthon TUM ထည့်သွင်းကျင်းပမယ်

ဇူလိုင် ၂၈ ရက်မှာ Barcamp TU (Mdy) 2017 ကိုကျင်းပမယ်လို့ သိရပါတယ်။

နည်းပညာတက္ကသိုလ် (မန္တလေး) မှာကျင်းပမှာဖြစ်ပြီး ဒီအခမ်းအနားမှာ Hardware Hackathon TUM 2017 ကို ထည့်သွင်းကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုမှာ တက်ရောက်နေတဲ့ ကျောင်းသား/ကျောင်းသူတွေဖြစ်ပြီး Electronic Hardware ပစ္စည်းတွေကို စိတ်ပါဝင်စားသူဆိုရင် ၀င်ရောက် ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ အများအကျိုးပြုတဲ့ အသုံးဝင်တဲ့ ပရောဂျက်တွေကို အဖွဲ့လိုက်ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး တစ်ဖွဲ့ကိုသုံးယောက်ကနေ ခြောက်ယောက်အထိ ပါဝင်နိုင်ပါတယ်။

ယှဉ်ပြိုင်ရမယ့်ခေါင်းစဉ်တွေကတော့ မြန်မာမှုပစ္စည်းများကို ပိုမိုကောင်းမွန်အောင် ဘယ်လိုလုပ်မလဲ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် ဘယ်လိုဆောင်ရွက်ကြမလဲ၊ တစ်နိုင်ငံလုံးဆိုင်ရာ LED Light များအသုံး ပြုပြီး စွမ်းအင်လျှော့ချရေး အစီအစဉ်တွင် ဘယ်လိုကောင်းမွန် ထိရောက်အောင် လုပ်ဆောင်မလဲတို့ပဲ ဖြစ်ပါတယ်။ Open Title အနေနဲ့ မိမိရဲ့ကိုယ်ပိုင်စိတ်ကူးနဲ့ လူမှုပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ ပရောဂျက်နဲ့လည်း ပါဝင်ယှဉ်ပြိုင် နိုင်တယ်လို့ ဆိုပါတယ်။

“အကဲဖြတ်မယ့် ဒိုင်တွေကတော့ အနည်းဆုံးငါးယောက်လောက် ဖြစ်ပါတယ်၊ အဖွဲ့ ၁၀ ဖွဲ့ကို အရင်ရွေးပြီး အဲဒီကနေ ပထမ၊ ဒုတိယ ဆုတွေပေးသွားမှာ ဖြစ်ပါတယ်” လို့ ပြိုင်ပွဲကျင်းပရေးဖြစ်တဲ့ နည်းပညာ တက္ကသိုလ် (မန္တလေး) အနာဂတ်လူငယ်များ အဖွဲ့အစည်းရဲ့ ဥက္ကဌ ကိုကျော်သီဟက ပြောပါတယ်။ ပထမဆု ငါးသိန်း၊ ဒုတိယဆု သုံးသိန်းနဲ့ People Choice Award တို့ ရွေးချယ်သွားမယ်လို့ သိရပါတယ်။ မိမိပရောဂျက်နဲ့ ပတ်သက်ပြီး ရှင်းပြထားတဲ့ Single Slide Presentation ကိုပေးပို့ရမှာ ဖြစ်ပြီး ပေးပို့ထဲအထဲကနေ ၀င်ခွင့်ရမယ့် အဖွဲ့တွေကိုရွေးချယ်မှာ ဖြစ်ပါတယ်။ အရွေးချယ်ခံပြီးတဲ့နောက် ဇူလိုင် ၂၁ ရက်ကနေ ၂၇ ရက်အထိမှာ မိမိတို့ပရောဂျက်တွေကို နည်းပညာတက္ကသိုလ် (မန္တလေး) Hackthon ပြိုင်ပွဲကျင်းပရာ အခန်းမှာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ဇူလိုင် ၂၈ ရက်ကျင်းပမယ့် ဘားကမ့်မှာ အဲဒီပရောဂျက်ကို ပြသပြီးဆုပေးပွဲကျင်းပမယ်လို့ သိရပါ တယ်။ ပြိုင်ပွဲဝင်မယ့် ပရောဂျက်တွေကို futureyouthassociation.tu@gmail.com ကနေ ပေးပို့နိုင်မှာဖြစ်ပြီး ၀၉ ၉၇၇၂၆၇၁၅၃ နဲ့ ၀၉၉၇၄၂၆၄၃၃၆ ကို ဆက်သွယ်မေးမြန်း နိုင်တယ်လို့ သိရပါတယ်။

-ထွန်းထွန်း