ဒေါ်လာ ၁၀၀ ကျသင့်မယ့် Hammerhead True Wireless နားကြပ်ကို Razer မိတ်ဆက်

Razer ဟာ စမတ်ဖုန်းတွေအတွက် Hammerhead True Wireless နားကြပ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီနားကြပ်ဟာ ဂိမ်းကစားစဉ်အတွင်း အသံပြတ်တောက်မှုကို ပြင်ဆင်ပေးနိုင်တဲ့ Bluetooth နားကြပ်တွေဖြစ်ပါတယ်။

Hammerhead True Wireless ဟာ AirPods ဒီဇိုင်းနဲ့ဆင်တူပါတယ်။ AirPods နဲ့ကွာခြားတာကတော့ Hammerhead True Wireless ဟာ IPX4 အဆင့်သတ်မှတ်ချက်ရှိပြီး ချွေးနဲ့ ရေဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ နားကြပ်မှာ touch panel တွေပါဝင်ပြီး သီချင်းနားထောင်မှုကို ထိန်းချုပ်တာအပြင် voice assistant ကိုလည်း အသုံးပြုနိုင်ပါတယ်။

Hammerhead True Wireless ကို gaming အတွက် အဓိက ထုတ်လုပ်ထားပြီး Bluetooth နားကြပ်တွေမှာ ဖြစ်ပေါ်တတ်တဲ့ အသံပြတ်တောက်မှုကို Bluetooth 5.0 နဲ့အတူ အထူးပြုလုပ်ထားတဲ့ codec အသုံးပြုထားပါတယ်။ အထူးပြုလုပ်ထားတဲ့ Gaming Mode ကြောင့် အသံပြတ်တောက်မှုက 60ms ပဲရှိတဲ့အတွက် မသိသာဘူးလို့ Razer ကပြောခဲ့ပါတယ်။ အခြား Bluetooth နားကြပ်အများစုက အသံပြတ်တောက်မှုက 200ms ကျော်အထိ ရှိပါတယ်။

Razer ရဲ့ Hammerhead True Wireless ကို အားတစ်ခါသွင်းရင် ၃ နာရီအထိ အသုံးပြုနိုင်ပါတယ်။ အသုံးပြုပြီးတဲ့အခါ case မှာအားပြန်သွင်းနိုင်တယ်။ နားကြပ်ထည့်တဲ့ case က ထုတ်ကုန်ကို ၄ ကြိမ်အထိ အားအပြည့်သွင်းပြီး ၁၅ နာရီအထိ အသုံးပြုနိုင်အောင် ထောက်ပံ့ပေးပါတယ်။

Hammerhead True Wireless ကို ဒေါ်လာ ၁၀၀ နဲ့ရောင်းချနေပါတယ်။

စိုးထက်
Ref: GSMArena