ဒေတာကုန်ကျစရိတ်မရှိဘဲ အသုံးပြုနိုင်မည့် စာသားသီးသန့် Facebook ဗားရှင်းကို မိတ်ဆက်

Facebook နဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT တို့ပူးပေါင်းကာ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် အင်တာနက်ဒေတာ ကုန်ကျစရိတ်မရှိဘဲ ကြည့်ရှု့ အသုံးပြုနိုင်မယ့် စာသားသီးသန့် Facebook ဗားရှင်းတစ်ခုအား မိတ်ဆက်ပေးသွားမယ်လို့ Facebook ရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပြည်သူတွေအနေနဲ့ COVID-19 ကျန်းမာရေး အခက်အခဲဖြစ်နေစဉ်ကာလအတွင်း မှန်ကန်တိကျတဲ့ သတင်းအချက်အလက်များ ရယူနိုင်ဖို့နဲ့ မိမိတို့ ချစ်ခင်ရသူတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်ဖို့ ရည်ရွယ်ကာ ယခု အစီအစဉ်မှတစ်ဆင့် မြန်မာနိုင်ငံရှိ MPT သုံးစွဲသူများ Facebook ရဲ့ ကိုရိုနာဗိုင်းရပ်စ် သတင်းအချက်အလက်စင်တာ အပါအဝင် အရေးကြီး သတင်းအချက်အလက်များကို မိမိတို့ရဲ့ မိုဘိုင်းဒေတာ ကုန်ကျစရိတ် မရှိဘဲ ပုံမှန် ရယူသိရှိနိုင်မှာဖြစ်ပါတယ်။

“မြန်မာနိုင်ငံကလူတွေ အချင်းချင်း ဆက်သွယ်ရာမှာ အဓိက သုံးနေကြတဲ့ နည်းလမ်းတွေထဲမှာ Facebook ကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အထူးသဖြင့် အခုလို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ကျန်းမာရေး အခက်အခဲဖြစ်နေတဲ့ ကာလမှာ အင်တာနက်ဒေတာဖိုး မကုန်ဘဲ COVID-19 နဲ့ပတ်သက်တဲ့ ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေး အချက်အလက်တွေ ရယူနိုင်ဖို့၊ ကိုယ်ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ် မပြတ်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒီလို အသက်တမျှ အရေးကြီးတဲ့ကာလမှာ တစ်ဦးနဲ့တစ်ဦး အဆက်အသွယ် မပြတ်ဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့ ယုံကြည်လက်ခံထားသလို အသုံးပြုသူတွေအနေနဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကို သိရှိရယူနိုင်ဖို့ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်က ကူညီပံ့ပိုးပေးနိုင်တဲ့အတွက်လည်း ပျော်ရွှင်ကျေနပ်မိပါတယ်”လို့ Facebook ရဲ့ Connectivity and Access Policy အဖွဲ့မှ Public Policy Manager ဖြစ်သူ Tom Chottayil Varghese ကပြောပါတယ်။

ယနေ့မှစပြီး MPT သုံးစွဲသူများအနေဖြင့် အင်တာနက်ဒေတာဖိုး ကုန်ကျမှုမရှိဘဲ စာသားသီးသန့် အသုံးပြုနိုင်တဲ့ Facebook နဲ့ Messenger ဗားရှင်းတွေကို ရွေးချယ်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

“MPT အနေနဲ့ ဒီလို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ မြန်မာနိုင်ငံက ပြည်သူတွေ တစ်ဦးနဲ့တစ်ဦး အမြဲ ထိတွေ့ဆက်သွယ်နိုင်အောင် ဆောင်ရွက်ပေးနေဖို့က အဓိက ဦးစားပေးပါပဲ။ ကျွန်တော်တို့အနေနဲ့လည်း MPT သုံးစွဲသူတွေအတွက် သူတို့ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ် မပြတ်အောင်၊ တိကျမှန်ကန်မှုရှိတဲ့ အရေးအကြီးဆုံး ကျန်းမာရေး သတင်းအချက်အလက်တွေကို အချိန်နဲ့တစ်ပြေးညီ ရယူနိုင်အောင် ယုံကြည်အားထားရတဲ့ ဆက်သွယ်ရေးကွန်ရက်တစ်ခုရှိဖို့ အလွန် အရေးကြီးတယ်ဆိုတာ နားလည်လက်ခံထားပါတယ်။ အခုလို Facebook နဲ့ ပူးပေါင်းဆောင်ရွက်လိုက်တဲ့အတွက် MPT သုံးစွဲသူတွေ အနေနဲ့ အင်တာနက်ဒေတာဖိုး ကုန်ကျစရာ မလိုဘဲ Facebook ဗားရှင်းတစ်ခုကို ရယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်” လို့ MPT-KSGM JO ၏ Chief Commercial Officer ဖြစ်သူ Mr.Tetsunori Nagashima က ပြောပါတယ်။

Facebook အနေနဲ့ ယခုလ အစောပိုင်းက မြန်မာ နိုင်ငံရှိ ပြည်သူများအတွက် ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေးအဖွဲ့အစည်းများမှ သတင်းအချက်အလက်များနှင့် သတင်းရင်းမြစ်များကို စုစည်းပေးထားတဲ့ COVID-19 သတင်းအချက်အလက် စင်တာကို စတင် မိတ်ဆက်ပေးခဲ့ပြီး MPT အနေနဲ့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝက်ဘ်ဆိုက်၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းဝက်ဘ်ဆိုက်နဲ့ နာမည်ကြီး သတင်းမီဒီယာ ဝက်ဘ်ဆိုက် (၄) ခုကို အင်တာနက် ဒေတာဖိုး အခမဲ့ဖြင့် အကန့်အသတ်မရှိ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ဖို့ ဆောင်ရွက်ပေးထားတယ်လို့သိရပါတယ်။

-ရဲထွဋ်ဝင်း