ဒုတိယအကြိမ်မြောက် SAFE STEPS D-Tech Awards ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်ဖိတ်ခေါ်

Prudential Myanmar က မြန်မာနိုင်ငံမှ စီးပွားရေးနှင့် နည်းပညာအသိုင်းအဝိုင်းမှ တီထွင်သူတွေကို SAFE STEPS Disaster Tech (D-Tech) Awards ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်လျက် ရှိပါတယ်။

အဆိုပါ ဆုတွေဟာ သဘာဝဘေးအန္တရာယ် မဖြစ်ပွားမီ ဖြစ်ပွားနေစဉ်ကာလ သို့မဟုတ် ဖြစ်ပွားပြီးနောက်တွင် လူအများရဲ့အသက်ကို ကာကွယ်ပေးနိုင်မယ့် နည်းပညာ ဖြေရှင်းချက်တွေ အကောင်အထည် ဖော်နိုင်ဖို့ ငွေကြေးအထောက်အပံ့နဲ့ အခြားသော ပံ့ပိုးမှုတွေကို ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒုတိယအကြိမ်မြောက် ကျင်းပမယ့် SAFE STEPS D-Tech Awards ကို အာရှနဲ့ အာဖရိကနိုင်ငံများတွင် Prudential ရဲ့ ပြည်သူ့အကျိုးပြု ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Prudence Foundation က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖြစ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ (IFRC) ၊ နည်းပညာမိတ်ဖက်အဖြစ် Lenovo တို့နှင့်အတူ စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ၊ ပြန်လည်ထူထောင်ရေးနှင့် ခံနိုင်ရည်ရှိစွာ ရပ်တည်နိုင်မှုကို မြှင့်တင်ရာမှာ နည်းပညာ တီထွင်ဆန်းသစ်မှုတွေဟာ အဓိကကျတဲ့ ကဏ္ဍတစ်ခုအဖြစ် ပါဝင်နိုင်မယ်လို့ ယုံကြည်မှုနဲ့အတူ Prudence Foundation မှ SAFE STEPS D-Tech Awards ပြိုင်ပွဲကို စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲမှာ Prudence Foundation မှ ဖန်တီးထားတဲ့ ပလက်ဖောင်းအမျိုးမျိုး ပါဝင်ပြီး လူအများကြီးထံ ပျံ့နှံ့ရောက်ရှိနိုင်သော အစီအစဉ်တစ်ခုဖြစ်တဲ့ SAFE STEPS ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ကာ သဘာဝဘေးအန္တရာယ် ကျရောက်နေချိန်တွေမှာ အသက်ကယ်ဆယ်ရေး သတင်းအချက်အလက်များ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနဲ့ ရှေးဦးသူနာပြုစုနည်း ဆိုင်ရာ အချက်အလက်တွေကို မျှဝေပေးရန် IFRC နဲ့ အခြား မိတ်ဖက် အဖွဲ့အစည်းများမှ ပံ့ပိုးကူညီပေးလျက် ရှိပါတယ်။

မြန်မာနိုင်ငံ အပါအဝင် ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် အဖွဲ့အစည်းများအားလုံးဟာ ၎င်းတို့ရဲ့ D-Tech နည်းပညာ ဖြေရှင်းလုပ်ဆောင်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့နဲ့ ပိုမို အဆင့်မြှင့်တင်တိုးချဲ့နိုင်ဖို့ ထောက်ပံ့ပေးနိုင်ရေးမှာ အသုံးပြုသွားမယ့် အမေရိကန်ဒေါ်လာ (၂၀၀,၀၀၀) အတွင်း ဆုကြေးငွေတွေကို ရယူနိုင်မယ့် အခွင့်အလမ်းတစ်ခု ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဆီမီးဖိုင်နယ်အဆင့် ရွေးချယ်ခံရသူတွေနဲ့ နောက်ဆုံးအဆင့် ရွေးချယ်ခံရသူတွေဟာ ကျွမ်းကျင်ပညာရှင်တွေရဲ့ လမ်းညွှန်သင်ပြပေးမှု အပါအဝင် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများမှ တာဝန်ရှိသူများ၊ ရင်းနှီးမြှုပ်နှံရေး လုပ်ငန်းများမှ မန်နေဂျာများ၊ အခြားသော နည်းပညာ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ လူမှုရေးလုပ်ငန်းများမှ developer များနဲ့ တွေ့ဆုံပြီး မိမိတို့ စိတ်ကူးတွေကို ဆွေးနွေးတင်ပြခြင်း၊ အချင်းချင်း မိတ်ဖွဲ့ချိတ်ဆက်နိုင်ခြင်း စတဲ့ အခွင့်အလမ်းတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲဝင်လျှောက်လွှာတွေကို SAFE STEPS D-Tech Awards ဝက်ဘ်ဆိုက်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်အထိ လက်ခံသွားမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ၊ အကျိုးအမြတ် မယူသော NGO အဖွဲ့အစည်းများ အားလုံး ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ ဆီမီးဖိုင်နယ်အဆင့် ရွေးချယ်ခံရသူတွေကို ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၉ ရက်နဲ့ ၃၀ ရက်တွေမှာ ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့် ရွေးချယ်ခံရသူတွေဟာ ၂၀၂၁ ခုနှစ်၊ ဇွန် ၄ ရက်မှာ မိမိတို့ရဲ့ ပြိုင်ပွဲဝင် နည်းပညာ ဖြေရှင်းလုပ်ဆောင်ချက်တွေကို အကဲဖြတ်ဒိုင်အဖွဲ့အား ရှင်းလင်းတင်ပြရမှာဖြစ်ပါတယ်။

ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် Asian Venture Philanthropy Network (AVPN), Antler,e27, Give2Asia, Hatcher+ ၊ Jubilee Capital Management နဲ့ National Geographic စတဲ့ များစွာသော မိတ်ဖက်အဖွဲ့များမှ ပံ့ပိုးကူညီထားပြီး SAFE STEPS D-Tech Awards အကြောင်း၊ ပြိုင်ပွဲသတ်မှတ်ချက်များ၊ ပြိုင်ပွဲကာလနဲ့ အခြား အသေးစိတ် အချက်အလက်တွေကို https://www.safesteps.com/d-tech မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««