ဒုတိယအကြိမ်မြောက် Huawei Authorized Information and Network Academy (HAINA) အကောင်အထည်ဖော်ရေး သဘောတူလက်မှတ်ရေးထိုး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ အမျိုးသားပညာရေးမူဝါဒကော်မရှင် ပါမောက္ခချုပ်များကော်မတီ နဲ့ Huawei တို့အကြား ရေးထိုးထားတဲ့ ICT ပညာရှင်လောင်းများ ပေါ်ပေါက်လာရေး နှစ်ဦးနှစ်ဖက်သဘောတူညီချက် အရ ဒုတိယအကြိမ်မြောက် Huawei Authorized Information and Network Academy (HAINA) အကောင်အထည်ဖော်ရေး သဘောတူလက်မှတ်ရေးထိုးပွဲကို ဒီဇင်ဘာ ၇ ရက် က အွန်လိုင်းမှ တစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။

“HAINA လိုမျိုး IT ကမ်ပိန်းကို ဖော်ဆောင်တာဟာ ကျွန်မတို့နိုင်ငံအတွက်တော့ အလွန်ကြီးမားတဲ့ စီးပွားရေးဆိုင်ရာကောင်းကျိုးတစ်ခုပါပဲ။ IT ဟာ လုပ်ငန်းအသစ်တွေကို မြေတောင်မြှောက်ပေးနိုင်ပြီး ချမ်းသာကြွယ်ဝမှုတွေကို ဖန်တီးပေးနိုင်တဲ့အပြင် စီးပွားရေးလုပ်ကိုင်ပုံတွေကို အသွင်ပြောင်းစေပြီး အဆင့်မြှင့်တင်ပေးတာတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဆောင်ယူလာပေးတာတွေ အပါအဝင် ကျွန်မတို့ နိုင်ငံသားတွေရဲ့ လူနေမှုအဆင့်အတန်းကိုပါ တိုးတက်ကောင်းမွန်လာစေနိုင်ပါတယ်။ တက္ကသိုလ်တွေဟာ ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်သင့်တာနဲ့အညီ Huawei ကလည်း ပညာရေးကဏ္ဍမှာ အဖက်ဖက်က ကူညီပေးလျက် ရှိသလို ကျွန်မတို့ရဲ့ ပညာရှင်လောင်းတွေအတွက်လည်း နည်းပညာဆိုင်ရာ လေ့လာခွင့်တွေကို အမြဲပေးအပ်ထားပါတယ်။ ဒီလို ခက်ခဲမှုတွေ အပြည့်နဲ့ ကာလမှာတောင် HAINA လို့ခေါ်တဲ့ ပညာရေးနဲ့ လုပ်ငန်းခွင်ကို ဆက်စပ်ပေးတဲ့ ပေါင်းကူးတံတားတစ်ခုကို Huawei က ဆောင်ယူလာပေးတဲ့အတွက် အတိုင်းမသိ ကျေးဇူးတင်ပါတယ်” လို့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ ပါမောက္ခချုပ်ဖြစ်သူ ဒေါက်တာမီမီသက်သွင်က ကျေးဇူးတင်စကား ပြောကြားသွားခဲ့ပါတယ်။

ဆရာ၊ ဆရာမများ၏ လေ့ကျင့်သင်ယူမှုကို အထောက်အကူ ပြုနိုင်မည့်အပြင် သင်ရိုးညွှန်းတမ်းများကို မြှင့်တင်ရန်နှင့် ICT မေဂျာများ ဖွံ့ဖြိုးလာစေရန်၊ စံနှုန်းမီ လက်တွေ့စမ်းသပ်ခန်းများ တည်ဆောက်ထားရှိရန်တို့ အတွက် အရည်အသွေးမီ သင်ရိုးညွှန်းတမ်းများနှင့် အထောက်အကူပြု ဝန်ဆောင်မှုများကို Huawei က တက္ကသိုလ်များသို့ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ အကယ်ဒမီသည် ကျောင်းသား၊ ကျောင်းသူများ အချင်းချင်း ၎င်းတို့၏ အရည်အချင်းများကို ချိတ်ဆက် ဖော်ထုတ်နိုင်သည့် ပလက်ဖောင်းတစ်ခုလည်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့ စွမ်းရည်ကို မြင့်မားအောင် ပြုလုပ်ပေးမယ့် သင်ကြားရေးဆိုင်ရာ အထောက်အပံ့ ပစ္စည်းများကို Huawei က မိတ်ဖက်တက္ကသိုလ်များကို ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ကျောင်းသူ၊ ကျောင်းသားများ အတွက် Huawei ၏ အရည်အချင်းစစ် စာမေးပွဲများတွင် ပါဝင်နိုင်စေရန် အားပေးသည့်အနေဖြင့်လည်း အခမဲ့ ဝင်ခွင့်ကတ်များကို သင်ကြားရေးဆရာများမှ တစ်ဆင့် ပေးအပ်သွားမှာဖြစ်ပြီး အကယ်ဒမီရဲ့ သင်ရိုးများတွင် ကျောင်းသား၊ ကျောင်းသူများမှာ routing and switching, storage, cloud, WLAN, cloud computing, big data, IoT, and artificial intelligence အစရှိတဲ့ နည်းပညာပိုင်းဆိုင်ရာ ဘာသာရပ်အမြောက်အမြားကို Huawei ရုံးချုပ်ရှိ ပညာရှင်များထံမှ လေ့လာသင်ကြားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဝန်ဆောင်မှု အကုန်ပေးနိုင်တဲ့ အရည်အသွေးမီ HAINA လက်တွေ့စမ်းသပ်ခန်းတစ်ခုကိုလည်း လှူဒါန်းသွားမှာဖြစ်ပြီး COVID-19 ပျံ့နှံ့မှု အခြေအနေအရ ဒုတိယအကြိမ် HAINA ၏ ဖွင့်ပွဲအခမ်းအနားကို လာမည့် ဖေဖော်ဝါရီလမှာ ကျင်းပသွားနိုင်ရန် ရည်မှန်းထားတယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««