
ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံတက္ကသိုလ်များသုတေသနညီလာခံ (၂၀၂၀) အခမ်းအနား ကို ဇွန်လ ၂၅ ရက် မှ Video Conferencing ဖြင့်ကျင်းပခဲ့ပါတယ်။
“ တက္ကသိုလ်များတွင် သုတေသနယဉ်ကျေးမှုသည် အလွန်အရေးကြီးပါကြောင်း၊ တက္ကသိုလ်များ၏ အသက်သွေးကြောသည် သုတေသနဖြစ်ပါကြောင်း၊ ဒေသအကျိုးပြု သုတေသန၊ နိုင်ငံအကျိုးပြု သုတေသနလုပ်ငန်းများကို အကောင်းဆုံးပူးပေါင်း ဆောင်ရွက်ပြီး ကမ္ဘာကြီးအတွက်လည်း အကျိုးပြုနိုင်သည့် အသုံးချသုတေသနရလဒ် ကောင်းများဖြစ်လာ စေရေး ဆောင်ရွက်နိုင်ရန်အရေးကြီးပါကြောင်း၊ သုတေသနလုပ်ငန်းများ၊ သုတေသနအခြေ ခံလက်တွေ့ပစ္စည်းများနှင့် ခေတ်မီနည်းပညာများအတွက်လည်း ခွင့်ပြုရန်ပုံငွေများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းတို့ဖြင့် ပံ့ပိုးဖြည့်ဆည်းပေး လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် သုတေသနအသုံးစရိတ် ကျပ်သန်းပေါင်း (၁ ဒသမ ၄)ဘီလီယံကျော် အသုံးပြုခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် (၄ ဒသမ ၂) ဘီလီယံ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် (၅ ဒသမ ၈)ဘီလီယံ အထိ တိုးမြှင့် သုံးစွဲ၍ သုတေသနလုပ်ငန်းများကို အားပေးဆောင်ရွက် နေပါကြောင်း၊ သုတေသနလုပ်ငန်း များဆောင်ရွက်ပြီး အရည်အသွေးရှိသော သုတေသန ရလဒ်ကောင်းများကို အခြေခံ၍ သုတေသနစာတမ်းများ ဖတ်ကြားဆွေးနွေးခြင်း၊ ပြည်တွင်းပြည်ပ သုတေသနဂျာနယ်များတွင် သုတေသန စာတမ်း များရေးသားခြင်းတို့ကို အားပေးလျက်ရှိပါကြောင်း” ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။
စာတမ်းဖတ်ပွဲအတွက် တက္ကသိုလ်အသီးသီးရှိ သုတေသီ ဆရာ၊ ဆရာမများက စာတမ်းပေါင်း(၁၃၄)စောင်၊ ပိုစတာ(၁၆)ခု ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသားပညာရေးမူဝါဒ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပါမောက္ခချုပ်များကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ ဟောပြောပို့ချသည့် ပြည်တွင်းပြည်ပ ဆရာကြီးများ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ သုတေသီများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် စာတမ်းရှင်များ စုစုပေါင်း (၃၄၀၀)ဦးခန့် Video Conferencing ဖြင့် ချိတ်ဆက်တက်ရောက်ခဲ့ကြပါတယ်။
-သန္တာ