ဒီဇိုင်းအပြောင်းအလဲတွေ ဖြစ်ပေါ်လာမယ့် ၂၀၂၀ထုတ် iPhone Pro

Apple ဟာ ၂၀၂၀ထုတ် iPhone မော်ဒယ်တွေ၊ HomePod နဲ့ AirTag အပြင် အခြားထုတ်ကုန်အစီအစဉ်တွေကို Bloomberg ကဖော်ပြခဲ့ပါတယ်။ Apple မော်ဒယ်သစ် ၂ ခုက iPhone 11 Pro နဲ့ iPhone 11 Pro Max နေရာမှာ အစားဝင်ပြီး အခြားဖုန်း၂မျိုးက လက်ရှိ iPhone 11 နေရာကို ဆက်ခံသွားပါမယ်။

၂၀၂၀ Pro မော်ဒယ် iPhone အသစ်ဒီဇိုင်းက iPad Pro နဲ့ဆင်ပြီး ဘေးဘောင်ပြန့်ပြူးကာ အနားတွေက ချွန်မြပါမယ်။ iPhone 4 နဲ့ iPhone 5 ခေတ်က ဒီဇိုင်းတွေနဲ့ဆင်ပါမယ်။ မော်ဒယ်သစ်တွေမှာ notch အသေးလေးတွေ ပါဝင်လာနိုင်ပါတယ်။

Max ထုတ်ကုန်မျက်နှာပြင် အရွယ်အစားကတော့ ၆.၅လက်မအထိ ရှိတယ်လို့ Bloomberg ကဖော်ပြခဲ့ပါတယ်။ ၂၀၂၀ iPad Pro လိုပဲ iPhone Pro မော်ဒယ်တွေမှာ LiDar sensor တွေပါဝင်လာပြီး အဆင့်မြင့် AR လုပ်ဆောင်ချက်တွေ အသုံးပြုနိုင်ပါမယ်။ iPhone ရဲ့ process စွမ်းအင်ကလည်း AR စွမ်းဆောင်ရည်မြှင့်တင်ပေးမှာပါ။

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအခြေအနေကြောင့် iPhone သစ်တွေ ထွက်ရှိမှု အနည်းငယ်နောက်ကျမယ်လို့ သိရပါတယ်။

ဒါ့အပြင် Apple ဟာ ဈေးသက်သာပြီး သေးငယ်တဲ့ HomePod ကိုထုတ်လုပ်နိုင်ပါတယ်။ လက်ရှိ HomePod ကအဆင့်မြင့်အရည်အသွေးရှိတဲ့ စပီကာဖြစ်ပေမယ့် လုပ်ဆောင်ချက်အကန့်အသတ်ရှိပါတယ်။ အထူးသဖြင့် Amazon နဲ့ Google တို့နဲ့ယှဉ်ပြိုင်ရာမှာ အားနည်းပါတယ်။ မော်ဒယ်သစ် HomePod ကတော့ ဈေးကွက်မှာ ပိုမိုယှဉ်ပြိုင်နိုင်ပြီး ပြိုင်ဘက်ကောင်းဖြစ်လာနိုင်ပါတယ်။

Apple က အရေးကြီးပစ္စည်းတွေနဲ့ တွဲချိတ်ထားနိုင်တဲ့ AirTag ကိုလည်း ဒီနှစ်မှာ ဖြန့်ချိနိုင်ပါတယ်။ AirTag က အရေးပါတဲ့ ပစ္စည်းနဲ့ ချိတ်ဆက်ထားတဲ့အတွက် ပျောက်ဆုံးသွားရင် အလွယ်တကူပြန်ရှာနိုင်မယ့် ဆက်စပ်ပစ္စည်းဖြစ်ပါတယ်။ သုံးစွဲသူက အဝေးကနေ tag ကိုအသံမြည်အောင် လုပ်နိုင်သလို ဖုန်းပေါ်ကနေ တည်နေရာကိုလည်း ကြည့်နိုင်မှာပါ။

စိုးထက်

Ref: GSMArena