ဒီဇိုင်းသစ်နဲ့ ပွဲထွက်လာတဲ့ Galaxy S21 စီးရီးဖုန်းတွေကို ဇန်နဝါရီ ၂၉ ရက်မှာ ရောင်းချမယ်

Samsung ကတော့ Galaxy S21 ဖုန်းတွေကို မိတ်ဆက်လိုက်ပါတယ်။ Galaxy S21, S21 Plus နဲ့ S21 Ultra ကတော့ သုံးစွဲသူ အကြိုက်တွေ့စေမယ့် ဒီဇိုင်းသစ်နဲ့ ဖြစ်ပြီး အရင်မျိုးဆက်ထက်လည်း ဈေးနှုန်း ဒေါ်လာ ၂၀၀ သက်သာပါတယ်။

Samsung ဟာ ဒီနှစ်အတွင်း ပထမဆုံး Unpacked ပွဲကို ပြုလုပ်တာ ဖြစ်ပြီး ဒေါ်လာ ၈၀၀ တန် Galaxy S21, ဒေါ်လာ ၁,၀၀၀ တန် Galaxy S21 Plus နဲ့ ဒေါ်လာ ၁,၂၀၀ တန်ဖိုးရှိတဲ့ Galaxy S21 Ultra တို့ကို မိတ်ဆက်ခဲ့ပါတယ်။

Samsung ဟာ ဒေါ်လာ ၂၀၀ တန် Galaxy Buds Pro အမည်ရ နားကြပ်အပြင် ဒေါ်လာ ၃၀ တန် Galaxy SmartTags ကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။ Galaxy SmartTags ကတော့ အိမ်မွေးတိရစ္ဆာန်တွေမှာ တပ်ဆင်ထားရင် ခြေရာခံနိုင်ပါတယ်။ ဒါ့အပြင် Samsung က ဒေါ်လာ ၄၀ တန် S Pen ကိုလည်း မိတ်ဆက်လိုက်ပါတယ်။ Samsung ဟာ CES ပြပွဲနောက်ဆုံးနေ့မှာ Unpacked ပွဲကို ပြုလုပ်ခဲ့ပါတယ်။ ပုံမှန်ပြုလုပ်နေကျ အချိန်ထက် တစ်လစောပြီး ပြုလုပ်ခဲ့ပါတယ်။

Samsung ရဲ့ Galaxy S21 ဖုန်းတွေမှာ ကင်မရာ၊ display နဲ့ 5G လုပ်ဆောင်ချက်တွေကို ပြန်လည်အဆင့်မြှင့်တင်ထားပါတယ်။ ဖုန်းဒီဇိုင်းကလည်း ထူးခြားပြီး ကျောဘက်က ကင်မရာ lens တွေကို သတ္တုဘောင်တွေနဲ့ တွဲဖက်ထားပါတယ်။ Galaxy S21 ဖုန်းတွေအတွက် storage အခြေခံ မော်ဒယ်ကတော့ 128GB ဖြစ်ပါတယ်။ Samsung ဟာ ဗီဒီယိုဖန်တီးသူနဲ့ အခြားလူတွေအတွက် ဓာတ်ပုံနဲ့ ဗီဒီယို သိုလှောင်မှုအပိုင်းကို မြှင့်တင်ပေးထားပါတယ်။ Samsung ဟာ ဖုန်းအားလုံးအတွက် ကြိုတင်မှာယူမှုကို စတင်ခွင့်ပြုနေပြီး ဇန်နဝါရီ ၂၉ ရက်မှာ စတင်ရောင်းချမယ်လို့ သိရပါတယ်။

Galaxy S21 နဲ့ S21 Plus

Galaxy S21 နဲ့ S21 Plus ထုတ်ကုန်တွေက အရင်မျိုးဆက် မော်ဒယ်တွေလိုပဲ အလွန်မကွဲပြားတော့ဘဲ တော်တော်ဆင်လာပါတယ်။ မျက်နှာပြင်အရွယ်အစား၊ ဘက်ထရီနဲ့ အခြားအချက်အလက်တွေ ကွဲပြားပါတယ်။

Galaxy S21 မှာတော့ မျက်နှာပြင် ၆.၂ လက်မနဲ့ S21 Plus မှာတော့ မျက်နှာပြင် ၆.၇ လက်မ ရှိပါတယ်။ ရုပ်ထွက်အရည်အသွေးကတော့ 3200x 1440 panel ဖြစ်ပါတယ်။ ဖုန်း ၂ မျိုးစလုံးမှာတော့ 120Hz refresh rate ပါဝင်သလို အပြောင်းအလဲတွေ လုပ်ထားပါတယ်။ Galaxy S21 နဲ့ S21 Plus အတွက် RAM ပါဝင်မှုကတော့ 12GB ကနေ 8GB အထိတော့ လျှော့ချလိုက်ပါတယ်။ အရွယ်ပိုသေးတဲ့ Galaxy S21 ကျောဘက်မှာ ပိုလီကာဗွန်နိတ်ပလတ်စတစ်ပဲ အသုံးပြုထားသလို ultra-wideband ရေဒီယိုလည်း မပါပါဘူး။ Samsung ဟာ Apple ခြေရာအတိုင်း Galaxy S21 ဖုန်းဘူးတွေထဲမှာ အားသွင်းတုံးနဲ့ နားကြပ်တွေ ထည့်သွင်းမှာ မဟုတ်ပါဘူး။ အကြောင်းပြချက်ကတော့ သဘာဝပတ်ဝန်းကျင် အလေးထားတာကြောင့် ဖြစ်တယ်လို့ Samsung ကပြောထားပါတယ်။

Samsung Galaxy S21 နဲ့ S21 Plus မှာတော့ Snapdragon 888 chipset ပါဝင်လာပါတယ်။ ဖုန်းတွေမှာ 5G ထောက်ပံ့မှု mmWave နဲ့ sub-6GHz ကွန်ရက်တွေ အသုံးပြုနိုင်ပါတယ်။ ဖုန်းမှာပါဝင်တဲ့ fingerprint sensor ကတော့ Qualcomm ရဲ့ 3D Sonic Sensor Gen 2 အထိ အဆင့်မြှင့်ထားပါတယ်။ S21 မှာတော့ ဘက်ထရီ 4,000mAh နဲ့ S21 Plus မှာတော့ 4,800mAh ပါဝင်လာပါတယ်။ S21 နဲ့ S21 Plus ကင်မရာပိုင်းကလည်း ကျောဘက်မှာ two-tone ဒီဇိုင်းကို အသုံးပြုထားပါတယ်။ S21 နဲ့ S21 Plus မှာတော့ 12-megapixel wide-angle ကင်မရာ၊ 12-megapixel ultrawide ကင်မရာနဲ့ 64-megapiixel telephoto lens အပြင် selfie ကင်မရာ 10-megapixel ပါဝင်လာပါတယ်။ Samsung ဟာ ကင်မရာ software အပိုင်းထဲမှာ 30x “Space Zoom” mode အပါအဝင် ဗီဒီယိုရိုက်ကူးနေစဉ်မှာ lens အမျိုးမျိုး ပြောင်းနိုင်မယ့် “Director’s View” mode နဲ့ Samsung ရဲ့ “Single Take” mode လည်းပါဝင်လာပါတယ်။

Galaxy S21 Ultra

S21 Ultra မှာတော့ မျက်နှာပြင် ၆.၈ လက်မ 3200x 1440 OLED display နဲ့ refresh rate ကတော့ 120Hz ဖြစ်ပါတယ်။ ဖုန်းမှာတော့ RAM 12GB နဲ့ ဘက်ထရီ 5,000mAh အပြင် storage 512GB အထိပါဝင်သလို Qualcomm ရဲ့နောက်ဆုံးပေါ် Snapdragon 888 ပရိုဆက်ဆာ အသုံးပြုထားပါတယ်။

S21 Ultra ကတော့ S Pen stylus ထောက်ပံ့ထားပါတယ်။ S Pen ကတော့ သီးခြားဝယ်ယူရမှာ ဖြစ်ပါတယ်။ S21 Ultra မှာတော့ 108-megapixel sensor အပြင် ကျောဘက်ကင်မရာ ၃ လုံး ပါဝင်လာပါတယ်။ အဲဒီ ကင်မရာတွေက 12-megapixel ultrawide ကင်မရာအပြင် 10-megapixel telephoto ကင်မရာ ၂ လုံး ပါဝင်ပြီး 3X zoom နဲ့ 10X zoom တွေပါဝင်လာပါတယ်။ Samsung အနေနဲ့ ဖုန်းသုံးစွဲသူတွေ ဓာတ်ပုံရိုက်ကူး အမျိုးမျိုးအတွက် ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင် ဒီဇိုင်းထုတ်ထားပါတယ်။

-စိုးထက်
Ref: TheVerge/CNET