ဒီဇိုင်းပြောင်းလဲထားတဲ့ macOS Big Sur မှာ ဘာတွေ ပါဝင်လာသလဲ

Apple ကတော့ macOS Big Sur ကို နိုဝင်ဘာလ ၁၂ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။ macOS Big Sur ဟာ Mac အတွက် ထွက်ထားတဲ့ နောက်ဆုံးပေါ် OS ဖြစ်ပါတယ်။ ကွန်ပျူတာအတွက် feature အသစ်တွေ ပါဝင်လာတယ်။ ဒါ့အပြင် user interface ကိုလည်း ဒီဇိုင်းအပြောင်းအလဲ လုပ်ထားပါတယ်။ လူတွေ ရင်းနှီးတဲ့ iPhone နဲ့ iPad ဒီဇိုင်းကို ယူထားပါတယ်။

macOS Big Sur မှာပါဝင်လာတဲ့ လုပ်ဆောင်ချက်တွေကို အောက်မှာ ဖော်ပြပေးပါမယ်။

ဒီဇိုင်းအသစ်ကို မိတ်ဆက်

MacOS Big Sur ကတော့ ဒီဇိုင်းကို ဆန်းသစ်ထားပါတယ်။ iPhone နဲ့ iPad က icon အသစ်တွေ ပါဝင်လာပါတယ်။ အဓိက menu bar နဲ့ dock ကတော့ ကြည်လင်ပြီး ခေတ်သစ်ဒီဇိုင်းနဲ့ ဖန်တီးထားပါတယ်။

Control Center

Apple ဟာ iPhone နဲ့ iPad က Control Center ကိုလည်း ထည့်သွင်းထားပါတယ်။ Wi-Fi, Bluetooth, Air Drop နဲ့ အခြား settings တွေကို အလွယ်တကူ သုံးလို့ရတဲ့ menu အသေးတစ်ခုပါ။
မျက်နှာပြင် ညာဘက်ထောင့်ကို mouse နဲ့ tap လုပ်ပြီး ကြည့်လို့ရပါတယ်။ သုံးစွဲသူက Control Center ထဲ အခြား app တွေဖြစ်တဲ့ ဘက်ထရီသက်တမ်း ညွှန်းကိန်းကိုလည်း သုံးလို့ရပါတယ်။

Notification နဲ့ widget များ

MacOS မှာ widget တွေပါလာတာ ကြာပါပြီ။ ဒါပေမဲ့ Apple ကတော့ iPhone ဒါမှမဟုတ် iPad အတိုင်း အသုံးပြုနိုင်အောင် feature တချို့ကို ထည့်သွင်းထားပါတယ်။ အဲဒီ widget တွေကို တစ်နေရာတည်း စုစည်းလို့ ရပါတယ်။ သတိပေးချက်တွေကိုတော့ iPhone လိုပဲ အစဉ်လိုက် ပြသပေးထားပါတယ်။ စတော့ရှယ်ယာ၊ ရာသီဥတုနဲ့ reminder နဲ့ ပြက္ခဒိန်အတွက် widget တွေကို ဒီဇိုင်းပြောင်းလဲထားပါတယ်။

Messages

iPhone နဲ့ iPad ပေါ်က Messages app နဲ့တူလာပါတယ်။ သုံးစွဲသူက စာမျက်နှာထိပ်ဆုံးမှာ မက်ဆေ့တွေကို pin လုပ်ပြီး စုထားနို်ငပါတယ်။ iPhone လိုမျိုး နာမည်နဲ့ ဓာတ်ပုံကိုလည်း ဝေမျှခွင့်ပြုထားပါတယ်။ ဒါ့အပြင် နာမည်ကို mention ခေါ်နိုင်ပြီး Memoji စတစ်ကာနဲ့ image ရှာဖွေမှုလည်း ပါဝင်လာပါတယ်။

Safari

Safari ကိုလည်း ဒီဇိုင်းပြောင်းလဲထားပါတယ်။ စွမ်းဆောင်ရည်ကလည်း မြန်ဆန်လာပါတယ်။ မကြာခဏဖွင့်တဲ့ ဝက်ဘ်ဆိုက်တွေကို ဖော်ပြရာမှာ Google Chrome ထက် ၅၀% ပိုမြန်တယ်လို့ Apple ကပြောထားပါတယ်။
ဖွင့်ထားပြီးသား tab ပေါ်မှာ mouse ထောက်လိုက်ရင် ဝက်ဘ်ဆိုက် preview ကိုပြပေးပါမယ်။ ဒါ့အပြင် App Store ထဲမှာ Safari အတွက် extension တွေပါဝင်လာပါတယ်။ Chrome လိုမျိုး အခြား browser အတွက် app အသေးစားလေးတွေကို ထောက်ပံ့ထားပါတယ်။

Safari မှာ privacy report လုပ်ဆောင်အသစ်လည်း ပါဝင်လာပြီး ဝက်ဘ်ဆိုက်တွေက သုံးစွဲသူအချက်အလက်ကို ဘယ်လိုသုံးစွဲနေလဲ ဆိုတာ မြင်ရပါမယ်။

Maps

macOS Big Sur မှာ Maps ကိုလည်း ပြန်လည်ဆန်းသစ်ထားပြီး iPhone နဲ့ iPad ပေါ်က app နဲ့ ဆင်လာပါတယ်။ Maps မှာ စက်ဘီးလမ်းကြောင်း၊ Google Street View လိုမျိုး 3D လမ်းကြောင်းတို့ ပါဝင်လာပါတယ်။

Apple M1 ချစ်ပ်သုံး Mac ထုတ်ကုန်မှာ အသုံးပြုနိုင်တဲ့ iPhone နဲ့ iPad app

macOS Big Sur ရဲ့အပြောင်းအလဲသစ် တစ်ခုကတော့ iPhone နဲ့ iPad app ထောက်ပံ့ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ feature ကိုအသစ်မိတ်ဆက်ထားတဲ့ Mac တွေမှာပဲ အသုံးပြုနိုင်ပါတယ်။ M1 ချစ်ပ်အသုံးပြုထားတဲ့ MacBook Air, MacBook Pro နဲ့ Mac Mini အသစ်တွေမှာ အသုံးပြုနိုင်တယ်။ M1 Mac တွေကိုတော့ လာမယ့်အပတ်မှာ တင်ပို့ရောင်းချပါမယ်။

MacOS Big Sur ထောက်ပံ့တဲ့ ထုတ်ကုန်များ

MacOS Big Sur ထောက်ပံ့တဲ့ ထုတ်ကုန်စာရင်းတွေ

၂၀၁၅ MacBook နောက်ပိုင်းထွက်ရှိတဲ့ ထုတ်ကုန်သစ်များ
၂၀၁၃ MacBook Air နောက်ပိုင်း ထုတ်ကုန်သစ်များ
၂၀၁၃ MacBook Pro နှောင်းပိုင်း ထုတ်ကုန်အဟောင်းများ
၂၀၁၄ Mac Mini နဲ့ထုတ်ကုန်အဟောင်းများ
၂၀၁၄ iMac နဲ့ ထုတ်ကုန်အဟောင်းများ
၂၀၁၇ iMac Pro နဲ့ ထုတ်ကုန်အဟောင်းများ
၂၀၁၃ Mac Pro နဲ့ ထုတ်ကုန်အဟောင်းများ

စိုးထက်
Ref: CNBC