ဒီဇိုင်းပိုင်းပြောင်းထားတဲ့ iPhone 8 ကို iPhone X ဟု ခေါ်ဆိုမည်ဟုဆို

Apple အနေနဲ့ စက်တင်ဘာ ၁၂ ရက်မှာပြုလုပ်မယ့် မိတ်ဆက်ပွဲမှာ iPhone 8 ကို မိတ်ဆက်ဖို့ ရှိနေပါတယ်။ ဒါပေမဲ့ Apple ရဲ့ တန်ဖိုးကြီး အထူးထုတ်ကုန်အမည်နဲ့ ပတ်သက်ပြီး ငြင်းခုံမှုတွေ ရှိနေပါတယ်။

အခုအခါမှာတော့ မျိုးဆက်သစ် iPhone မှာပါဝင်မယ့် iOS 11 software ပေါက်ကြားထွက်ပေါ်လာခဲ့ပြီး ရှာဖွေတွေ့ရှိခဲ့တဲ့ code အရ ပွဲမှာမိတ်ဆက်မယ့် တန်ဖိုးကြီး iPhone အမည်ဟာ iPhone X ဖြစ်တယ်လို့ developer တစ်ဦးဖြစ်တဲ့ စတိဗ်ထရောက်တန်စမစ်က ပြောခဲ့ပါတယ်။

ထရောက်တန်စမစ်ဟာ iOS software code ကိုလေ့လာပြီး မကြေညာသေးတဲ့ Apple feature တွေကို ဖော်ထုတ်လေ့ ရှိသူတစ်ဦး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့စနေနေ့မှာ စမစ်က iPhone 8, iPhone 8 Plus နဲ့ iPhone X ကိုရည်ညွှန်းထားတဲ့ iOS 11 code နဲ့ပတ်သက်ပြီး twitter မှာပြောသွားခဲ့ပါတယ်။

Apple အနေနဲ့ တစ်နှစ်မှာ iPhone မော်ဒယ်နှစ်ခုထက် ပိုပြီး မိတ်မဆက်တဲ့ ရာဇဝင်ရှိပါတယ်။ ဒါပေမဲ့ သတင်းတွေကတော့ Apple အနေနဲ့ iPhone ဆယ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ၂၀၁၇ ခုနှစ်မှာ တတိယမော်ဒယ်ကိုလည်း မိတ်ဆက်ဖို့ စီစဉ်ထားတယ်လို့ ဖော်ပြနေကြပါတယ်။

စိုးထက်
Ref: BusinessInsider