ဒီဂျစ်တယ်နည်းပညာ သိရှိနားလည်မှုဆိုင်ရာ ပညာပေးဟောပြောပွဲ ပြုလုပ်မည်

ရိုးမဘဏ်နဲ့ Facebook ရဲ့ တရားဝင်ကိုယ်စားလှယ် Httpool တို့မှ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အတွက် Digital Literacy ပညာပေးအွန်လိုင်းအခမ်းအနားတစ်ခုကို ဒီဇင်ဘာ ၁၇ ရက်၊ နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဒီဂျစ်တယ်အသိပညာများကို ပြည့်ဝစွာ အသုံးချပြီး ဈေးကွက်ချဲ့ထွင်ခြင်းနဲ့ ဈေးကွက်ရှာဖွေခြင်းတို့ အပြင် မြန်မာ့လူမှုကွန်ရက်ပေါ်မှာ နေ့စဉ် တက်ကြွစွာတည်ရှိနေတဲ့ လူသန်းပေါင်းများစွာထံ လုပ်ငန်းနှင့်သက်ဆိုင်သော အချက်အလက်များ ပျံနှံ့ရောက်ရှိနိုင်စေရန် အဓိက ရည်ရွယ်တယ်လို့ သိရပါတယ်။

“ငွေကြေးနဲ့ ဒီဂျစ်တယ်နည်းပညာ သိရှိနားလည်မှု သင်တန်းတွေ၊ အစီအစဉ်တွေကနေ တစ်ဆင့် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို (SMEs) တွေကို ဘဏ်တွေနဲ့ ရိုးရှင်းလွယ်ကူစွာ ဘယ်လို အလုပ်လုပ်ရမလဲ ဆိုတာ နားလည်စေနိုင်ပါမယ်။ ဒါ့အပြင် ဒီလိုပြုလုပ်ခြင်းအားဖြင့် သူတို့ စီးပွားရေးတည်တံ့ခိုင်မြဲစေဖို့နဲ့ ငွေကြေးပိုင်းဆိုင်ရာတည်ငြိမ်မှုရှိစေဖို့ ဘာတွေအဓိကလိုအပ်သလဲ ဆိုတာ သိရှိသွားစေပါတယ်” လို့ ရိုးမဘဏ်ရဲ့ အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်သူ Mr. Dean Cleland ကပြောပါတယ်။

​”မြန်မာနိုင်ငံရဲ့ အကောင်းမွန်ဆုံးနဲ့ အဆင့်အတန်းအမြင့်မားဆုံးဘဏ်တွေထဲက တစ်ခုဖြစ်တဲ့ ရိုးမဘဏ်နဲ့ ဒီဂျစ်တယ်နည်းပညာဆိုင်ရာ အသိပညာပြန့်ပွားရေးအတွက် အောက်ခြေခိုင်မာဖို့အတွက် လက်တွဲဆောင်ရွက်ခွင့်ရတာ ဝမ်းသာပါတယ်။ ကျွန်တော်တို့အနေနဲ့ Facebook ရဲ့ အကောင်းမွန်ဆုံး စနစ်များကို မြန်မာနိုင်ငံတစ်ဝန်းက မည်သည့်စီးပွားရေးနဲ့ ကြော်ငြာလုပ်ငန်းရှင်များကိုမဆို အတွက် မျှဝေပေးဖို့ အထူး စိတ်လှုပ်ရှား နေပါတယ်။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က လူမှုကွန်ရက်ကိုနေ့စဉ်သုံးစွဲနေကြတဲ့ မြန်မာနိုင်ငံက လူသန်းပေါင်းများစွာဆီကို SME လုပ်ငန်းတွေရဲ့အချက်အလက်တွေရောက်ရှိစေနိုင်ဖို့ ဖြစ်ပါတယ်” လို့ Httpool ရဲ့ Country Head ဖြစ်သူ Rohan Kapoor ကပြောပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««