ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု စီမံကိန်းတစ်ခု တောင်သူလယ်သမားများအတွက်အကောင်အထည်ဖော်ဆောင်ရွက်မည်

အူရီဒူးမြန်မာနဲ့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ ပူးပေါင်းကာမြန်မာနိုင်ငံအပူပိုင်းဒေသရှိ တောင်သူလယ်သမားများကို ပံ့ပိုးပေးနိုင်ရန်အတွက် ရာသီဥတုဒဏ်ခံနိုင်သော လယ်ယာ စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများ၊ စားသောက်ကုန်ထုတ်လုပ်နည်းများနဲ့ ဝင်ငွေတိုးတက်စေဖို့ ဈေးကွက်ချိတ်ဆက်မူများအစရှိတာတွေပါဝင်ပြီး COVID-19 ကာလရဲ့ သက်ရောက်မှုကိုပါ တုံ့ပြန်နိုင်မယ့် စီမံကိန်းတစ်ခုကို ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

အဆိုပါစီမံကိန်းမှာ ၁၅ လတာကြာမြင့်မှာ ဖြစ်ပြီး ရေရှည်တည်တံ့သောစီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (SEAD) အနေနဲ့ ကမ္ဘာ့ ကပ်ရောဂါ COVID-19 ဖြစ်ပွား နေစဉ်ကာလ အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အပူပိုင်းဇုန်ရှိ ထိခိုက်နစ်နာနိုင်တဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်လျက်ရှိတဲ့ လူမှုအဖွဲ့အစည်းတွေအတွက် အရည်အသွေးမြင့် မျိုးစေ့တွေနဲ့ ထုတ်ကုန်ဆိုင်ရာ သရုပ်ပြသမှုတွေ၊ သင်တန်းတွေနဲ့ ပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

တောင်သူလယ်သမားတွေအနေနဲ့ လယ်စိုက်ရာသီတစ်လျှောက် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသော လယ်ယာစိုက်ပျိုးရေးနည်းပညာ အတွေ့အကြုံများ ရရှိနိုင်မှာဖြစ်ပြီး သက်ဆိုင်ရာ အစိုးရ ဌာနဆိုင်ရာအသီးသီးနဲ့ ပူးပေါင်းဆောင်ရွက်ထားသော ကောင်းမွန်တဲ့ စိုက်ပျိုးရေးနည်းစနစ်များ၊ မွေးမြူ‌ရေးနည်းစနစ်များ ၊ အချိန်နှင့်တပြေးညီ ရာသီဥတုခန့်မှန်းချက်များနဲ့ လေ့ကျင့်ရေးဆိုင်ရာ အထောက်အကူပြု နည်းလမ်းများကို ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး Webinars၊ Podcasts၊ Youtube နဲ့ လူမူကွန်ရက်များမှတစ်ဆင့် ကြည့်ရှုနိုင်အောင် ဖြန့်ဝေပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

SEAD စီမံကိန်း တွင် တောင်သူလယ်သမားများ ကောင်းကျိုးခံစားနိုင်စေရန်အတွက် အစိုးရနှင့်ပူးပေါင်း၍ လူမှုကွန်ရက်များမှတစ်ဆင့်သော်လည်းကောင်း အက်ပလီကေးရှင်းပုံစံဖြင့် ဒစ်ဂျစ်တယ်ပလက်ဖောင်များမှ တစ်ဆင့်သော်လည်းကောင်း သင်ခန်းစာများကို စီစဉ်ဖြန့်ဝေပေးခြင်းနဲ့ လက်တွေ့လယ်ယာသရုပ်ပြသင်တန်းကျောင်းများတွင် လေ့ကျင့်ပေးခြင်း အစီအစဉ်တွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။