ဒစ်ဂျစ်တယ်ဒီဇိုင်းတီထွင်ဆန်းသစ်မှုပြိုင်ပွဲ APPathon မှ အနိုင်ရအသင်း ၃ သင်းအား ဆုချီးမြှင့်

အူရီဒူးမြန်မာမှ အွန်လိုင်းဖြင့်ဆောင်ရွက်တဲ့ ဒစ်ဂျစ်တယ် ဒီဇိုင်းတီထွင်ဆန်းသစ်မှုပြိုင်ပွဲကြီး ဖြစ်တဲ့ APPathon မှာ ပါဝင်ယှဉ်ပြိုင်သူ ၁၅၇ ယောက်ရှိခဲ့ပြီး အနိုင်ရအသင်း ၃ သင်းနဲ့ ဆန်ခါတင်(runner-up) ၂ သင်းကို ရွေးချယ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ပထမဆုဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၃၀၀၀ ကို Hexa Tech အသင်းမှလည်းကောင်း၊ ဒုတိယဆု ဖြစ်တဲ့ အမေရိကန်ဒေါ်လာ၂၀၀၀ ကို The Renovation for Lifestyle အသင်းမှလည်းကောင်း၊ တတိယဆု ဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁၀၀၀ NXT အသင်းမှလည်းကောင်း ရရှိခဲ့ပြီး ဆန်ခါတင်ဆုတွေကိုတော့ Presto နဲ့ Duo Design Lab တို့မှ လက်ခံရရှိခဲ့ပြီး အသိအမှတ်ပြုလက်မှတ်တွေကို ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

“အူရီဒူးမြန်မာအနေနဲ့ အများပြည်သူရဲ့ ဒစ်ဂျစ်တယ်လူမှုဘဝကို ပြည့်စုံကောင်းမွန်စေမည်ဆိုတဲ့ ရည်မှန်းချက်နဲ့အညီ ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲဖော်ဆောင်ခြင်းကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး မြန်မာလူငယ်များကို လည်း ဒီထူးခြားပြောင်မြောက်တဲ့ ဒစ်ဂျစ်တယ်ခရီးစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းမှာ ပါဝင်နိုင်ဖို့ အခွင့်အရေးပေးအပ်တာ ဖြစ်ပါတယ် ”လို့ အူရီဒူးမြန်မာရဲ့ Chief Commercial Officer ဖြစ်သူ Mr. Alok Verma ကပြောပါတယ်။

ပါဝင်ယှဉ်ပြိုင်သူများကို စိစစ်အကဲဖြတ်ရာမှာ အဓိကစံနှုန်း ၃ ခု ဖြစ်တဲ့ စိတ်ကူးစိတ်သန်းကောင်းများကို ဖော်ထုတ်ပြသနိုင်ခြင်း အသုံးပြုနိုင်မှု၊ လုပ်ငန်းဆောင်ရွက်ချက်များနှင့် သုတေသနပြုလုပ်ခြင်း စသည့် အချက်များပေါ်မူတည်ပြီး ဒီဇိုင်းအကြံဉာဏ်များကို သရုပ်ဖော်ပြသနိုင်ခြင်း ၊ သုံးစွဲသူဗဟိုပြုခြင်းလုပ်ငန်းစဉ် – လုပ်ဆောင်ပုံအဆင့်ဆင့်၊ သတင်းအချက်အလက်တည်ဆောက်ပုံ၊ ရည်ရွယ်ချက်နှင့် အမြင်ပုံစံ စသည့်အချက်များ ပေါ်တွင်မူတည်ပြီး သုံးစွဲသူများ၏ လိုအပ်ချက်များကိုနားလည်ကြောင်း သရုပ်ဖော်ပြသခြင်းနဲ့ စနစ်ပိုင်းဆိုင်ရာ စဉ်းစားတွေးခေါ်နိုင်မှု- cross-platform၊ တစ်သမတ်တည်းရှိမှုနဲ့ အမှားများကို ကိုင်တွယ်ဖြေရှင်းခြင်း စတဲ့ အချက်များပေါ် မူတည်ပြီး စနစ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို သိရှိနားလည်ခြင်း အစရှိတာတွေကို စိစစ်အကဲဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««