ထရမ့် post ကိုအရေးမယူတဲ့ မာ့ဇူကာဘတ်အပေါ် Facebook ဝန်ထမ်းတွေ ဆန္ဒပြ

ပြီးခဲ့တဲ့အပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အငြင်းပွားဖွယ် post တွေကို တင်ခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး Facebook စီအီးအို မာ့ခ်ဇူကာဘတ်က အရေးမယူခဲ့တဲ့အတွက် ကုမ္ပဏီ ဝန်ထမ်းတချို့က ဆန္ဒပြသခဲ့ပါတယ်။

Facebook ဝန်ထမ်းတွေက ဆန္ဒပြတဲ့အနေနဲ့ အလုပ်ကို မတက်ခဲ့ကြပါဘူး။ Facebook မန်နေဂျာတွေကတော့ ဆန္ဒပြဖို့ ပြင်ဆင်နေတဲ့ ဝန်ထမ်းတွေအပေါ် တုံ့ပြန်သွားမှာ မဟုတ်ဘူးလို့ လူ့စွမ်းအားအရင်းအမြစ်ဌာနကို ပြောထားပါတယ်။ ဒါ့အပြင် ဝန်ထမ်းတွေအပေါ် လစာခံစားခွင့်လည်း ပေးမယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောခဲ့ပါတယ်။

Facebook ဆန္ဒဖော်ထုတ်မှုကို The New York Times ကဖော်ပြခဲ့ပါတယ်။ ဆန္ဒပြသမှုအပြင် Twitter ပေါ်မှာ Facebook ကုမ္ပဏီအတွင်း လူများအကြား သဘောထားကွဲလွဲမှုက ဖြစ်ပေါ်ခဲ့ပါတယ်။ Facebook ဒီဇိုင်းမန်နေဂျာ ဂျေဆင်စတဲမန်းက ထရမ့်ရဲ့ post နဲ့ပတ်သက်ပြီး မတုံ့ပြန်တဲ့ ဇူကာဘတ် ဆုံးဖြတ်ချက်ကို သဘောမတူဘူးလို့ ပြောခဲ့ပါတယ်။ “FB အတွင်းထဲမှာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူမျိုးရေးခွဲခြားရေးနဲ့ပတ်သက်ပြီး ကြားနေမရှိပါဘူး” လို့ tweet မှာရေးသားခဲ့ပါတယ်။

စိုးထက်
Ref: CNN