ထရပ်ကားပေါ်မှာ ဆောက်ထားတဲ့ ကမ္ဘာ့ပထမဆုံး ရွေ့လျား ဘိုးလင်းကွင်း

အမေရိကန်၊ မီချီဂန်ပြည်က Southfield ဧရိယာအတွင်းမှာ Luxury Strike Bowling ဆိုတဲ့ ကားကြီးရှိပါတယ်။ အဲဒီကားကြီး ပတ်ဝန်းကျင်တစ်ဝိုက် လှည့်လည်နေပြီး ၅၃ ပေရှည်တဲ့ ထရပ်ကားထဲမှာ ဘိုးလင်းပစ်ကွင်းနဲ့ အပန်းဖြေခန်းတို့ ပါဝင်လာပါတယ်။ ကမ္ဘာ့ပထမဆုံး ရွေ့လျား ဘိုးလင်းကွင်းလို့ ဆိုရပါမယ်။ အဲဒီ ဘိုးလင်းကွင်းက သီးသန့်ဖြစ်ပြီး လမ်းကြောင်း ၂ ခုပါဝင်ကာ တစ်ကြိမ်တည်းမှာ လူ ၁၅ ယောက် အထိ သယ်ဆောင်နိုင်ပါတယ်။

ထရပ်ကား အတွင်းခန်းမှာ ရောင်စုံ LED မီး၊ လက်မ ၈၀ မျက်နှာပြင်နဲ့ အနိမ့်အမြင့် လုပ်လို့ရတဲ့ ထိုင်ခုံတွေ ပါဝင်ပါတယ်။ ဒီဇိုင်းက သာမန် ဘိုးလင်းပစ်ကွင်းပုံစံ ဖြစ်ပါတယ်။ ကွာခြားချက်ကတော့ ထရပ်ကားမှာ ထည့်ဆောက်ထားတာကြောင့် နေရာအကျယ်အဝန်း အကန့်အသတ်ရှိပါတယ်။

ဖန်တီးမှုနောက်ကွယ်က လူကတော့ တယ်ရန်ဂျက်ဆင်ဂျူနီယာ ဆိုသူ ဖြစ်ပါတယ်။ “Luxury Strike ကိုတော့ ကျစ်လျစ်အောင် ဖန်တီးထားပြီး ရွေ့လျားလုပ်ငန်းနဲ့ အပန်းဖြေလုပ်ငန်းတို့ကို တော်လှန်ပြောင်းလဲဖို့ပါပဲ” လို့ mymodernmet ကိုပြောခဲ့ပါတယ်။

-စိုးထက်
Ref:Mymodernmet

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««