တရုတ် App Store ကနေ developer တွေက ဒေါ်လာ ၁၇ ဘီလျံအထိ ရရှိနေကြောင်း တင်မ်ကွတ်ခ်ပြောကြား

တရုတ်နိုင်ငံမှာ ကုမ္ပဏီရဲ့ platform ကိုအသုံးပြုနေတဲ့ developer ၁.၈ သန်းရှိပြီး တရုတ် App Store ဝင်ငွေဟာ ယွမ် ၁၁၂ ဘီလျံ (ဒေါ်လာ ၁၆.၉၃ဘီလျံ) ရှိတယ်လို့ Apple အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ခ်က ပြောခဲ့ပါတယ်။ အဲဒီဝင်ငွေပမာဏဟာ တစ်ကမ္ဘာလုံးကရရှိတဲ့ App Store ဝင်ငွေရဲ့ သုံးပုံတစ်ပုံရှိတယ်လို့ သိရပါတယ်။

အထက်ပါ အချက်အလက်တွေကို တရုတ်နိုင်ငံရဲ့ အများပြည်သူဆိုင်ရာ ဆိုက်ဘာပေါ်လစီဖိုရမ်မှာ တင်မ်ကွတ်ခ်က ပြောကြား သွားခဲ့ပါတယ်။ ဆင်ဆာပြုလုပ်တာ အပါအဝင် အင်တာနက်စည်းမျဉ်းတွေကိုကြီးကြပ်တဲ့ တရုတ်နိုင်ငံရဲ့ဆိုက်ဘာလုံခြုံရေးအဖွဲ့အစည်း (CAC) က ဦးစီးပြီး ဖိုရမ်ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းမှာ developer တွေဟာ တရုတ် store ကနေ စုစုပေါင်းဝင်ငွေ ဒေါ်လာ ဘီလျံ ၇၀ နီးပါး ရရှိခဲ့တယ်လို့ Apple က ထုတ်ပြန် ထားပါသေးတယ်။

Apple အနေနဲ့ ဒီနှစ်မှာ ဘေကျင်းအာဏာပိုင်တွေက ဖိအားပေးမှုကြောင့် တရုတ် App Store ကနေ app ရာပေါင်းများစွာ ဖယ်ရှားခဲ့တဲ့အတွက် ဒေသခံ သုံးစွဲသူနဲ့ အဖွဲ့အစည်းတွေက ဝေဖန်မှုနဲ့ ကြုံတွေ့နေရပါတယ်။ Apple က တရုတ်နိုင်ငံရဲ့ Great Firewall ဆင်ဆာကို ရှောင်လွှဲနိုင်တဲ့ virtual private network (VPN) ဝန်ဆောင်မှုအပြင် messaging app တွေကို ဖယ်ရှားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ Apple ထုတ်ကုန်အများဆုံးရောင်းချတဲ့ တတိယမြောက်အကြီးဆုံး ဒေသဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အတွင်း ဒေသတွင်း ပြိုင်ဘက်တွေရဲ့ အားထုတ်မှုကြောင့် တန်ဖိုးကြီးဟန်းဆက် ဈေးကွက်ဝေစုတွေ ဆုံးရှုံးခဲ့ရပါတယ်။ နိုဝင်ဘာလအတွင်း iPhone X နဲ့ iPhone 8 တင်ပို့ရောင်းချမှုတာတွေကနေ ဈေးကွက်မှာ တည်ငြိမ်မှုတစ်ခု ပြန်ရလာမယ်လို့ Apple ကမျှော်လင့်နေပါတယ်။

ကုမ္ပဏီပိုင် တရုတ်နိုင်ငံ cloud data တွေကိုလည်း ဂွမ်ဇူးစီရင်စုက ဒေသတွင်းစီးပွားဖက်ရဲ့ ဆာဗာတွေဆီ ရွှေ့ပြောင်း ထားတယ်လို့လည်း Apple ကထုတ်ပြန်ခဲ့ပါတယ်။

ဒီနှစ်အတွင်းမှာ တင်မ်ကွတ်ခ်ဟာ တရုတ်နိုင်ငံကို မကြာခဏလာလေ့ရှိပြီး အမှုဆောင်တွေနဲ့အတူ သမ္မတရှီကျင်ပင်ကို တွေ့ဆုံ ခဲ့ပါသေးတယ်။ ဖိုရမ်တက်ရောက်လာတဲ့ တင်မ်ကွတ်ခ်ကို လူအများအာရုံစိုက်မိပြီး ပွဲရဲ့လေးနှစ်တာသက်တမ်းအတွင်း ပထမဆုံး ရာထူးမြင့်အမှုဆောင်တက်ရောက်တဲ့ အထိမ်းအမှတ်တစ်ခုလည်း ဖြစ်လာပါတယ်။

Google အမှုဆောင်အရာရှိချုပ် ဆန်းဒါပီချေးကလည်း ပထမဆုံးအကြိမ်အဖြစ် ဖိုရမ်ကို တက်ရောက်လာခဲ့ပါတယ်။

စိုးထက်
Ref: Reuters