တရုတ်နိုင်ငံတွင် OLED စက်ရုံတည်ဆောက်မည့် LG Display ၏အစီအစဉ်ကို တောင်ကိုရီးယား အတည်ပြု

တရုတ်နိုင်ငံမှာ organic light-emitting diode (OLED) panel ထုတ်လုပ်မယ့်စက်ရုံကို တည်ဆောက်ဖို့ LG Display ရဲ့ အစီအစဉ်ကို ကော်မတီက ခွင့်ပြုခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံရဲ့ ကုန်သွယ်ရေးဌာနက အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ LG ဟာ ခေတ်အမီဆုံးနည်းပညာကို နိုင်ငံရပ်ခြားထံပြောင်းရွှေ့တဲ့ ပထမဆုံး တောင်ကိုရီးယားကုမ္ပဏီ ဖြစ်လာပါတယ်။

တောင်ကိုရီးယားကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ အတည်ပြုချက်က နှစ်နိုင်ငံဆက်ဆံရေးဟာ အခုလအစောပိုင်းမှာ စီးပွားရေး ချိတ်ဆက်မှုပြန်လည်ရရှိစေဖို့နဲ့ မြောက်ကိုရီးယားပေါ်လစီ ညှိနှိုင်းဖို့ နှစ်နိုင်ငံခေါင်းဆောင်တွေအကြားက ဆွေးနွေးပွဲအပြီးမှာ တိုးတက်လာတဲ့ လက္ခဏာဖြစ်ပါတယ်။

အခုခွင့်ပြုချက်က LG Display ကို စမတ်ဖုန်းနဲ့ တီဗီမှာအသုံးပြုနေတဲ့ display panel တွေထုတ်လုပ်နေတဲ့ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်လာစေနိုင်ပြီး ကြီးမားတဲ့ OLED panel တွေနဲ့ ကမ္ဘာတစ်ဝန်းဈေးကွက်ကို လွှမ်းမိုးထားနိုင်စေမှာပါတယ်။ LG အနေနဲ့ လာမယ့် ၃ နှစ်အတွင်း တရုတ်နိုင်ငံမှာ ဝမ် ၅ ထရီလီယံ ဒါမှမဟုတ် အမေရိကန်ဒေါ်လာ ၄.၇ ဘီလျံ အထိ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ လာမယ့်သုံးနှစ်ကျော်အတွင်း OLED ရင်းနှီးမြှုပ်နှံမှု လေးပုံတစ်ပုံရှိပြီး ထုတ်လုပ်မှုစရိတ် သက်သာမယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း တရုတ်နိုင်ငံမှာ OLED ထုတ်လုပ်မှု စတင်ဖို့ LG က ရည်မှန်းထားပါတယ်။

OLED ထုတ်လုပ်မှုကို လာမယ့်နှစ်မှာ ၂.၈ သန်းအထိ တိုးချဲ့ဖို့ စီစဉ်ထားတယ်လို့ LG Display က ပြောပါတယ်။ ၂၀၁၆ ခုနှစ်မှာ LG Display ရဲ့ OLED ထုတ်လုပ်မှုနှုန်းက ၁.၁ သန်းပဲရှိခဲ့ပါတယ်။ LG Display အနေနဲ့ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာ panel တွေစတင်ထုတ်လုပ်မယ့် အစီအစဉ်ကို ဇူလိုင်လမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် LG ဟာ သိပ်အဆင့်မမြင့်တဲ့ display တွေကိုလည်း ကွမ်ကျိုးမြို့မှာ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။

LG Display အနေနဲ့ နည်းပညာကိုကာကွယ်ဖို့အတွက် လုံခြုံရေးအစီအမံတိုးမြှင့်ထားဖို့ တောင်ကိုရီးယားရဲ့ ကုန်သွယ်၊ စက်မှုလက်မှုနဲ့ စွမ်းအင်ဝန်ကြီးဌာနက သတိပေးခဲ့ပါတယ်။ တောင်ကိုရီးယားအစိုးရဟာ နိုင်ငံရပ်ခြား ပြိုင်ဘက်တွေထက် ဒေသတွင်း စက်မှုလုပ်ငန်းတွေကို အပြိုင်အဆိုင်ဖြစ်စေဖို့အတွက် OLED အပါအဝင် စက်မှုလုပ်ငန်းဆိုင်ရာ တန်ဖိုးရှိတဲ့နည်းပညာတချို့ကို နိုင်ငံရပ်ခြား တင်ပို့ရာမှာ ကန့်သတ်ထားတယ်လို့ သိရပါတယ်။

စိုးထက်
Ref: WSJ