တောင်သူလယ်သမားများအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ စိုက်ပျိုးစရိတ်ချေးငွေများကို MPT Money မှတစ်ဆင့် ရယူနိုင်

တောင်သူလယ်သမားတွေအနေနဲ့ စိုက်ပျိုးစရိတ် ချေးငွေတွေကို ဒီဂျစ်တယ်စနစ်နဲ့ ချေးငွေရယူနိုင်ရေးတွင် ထောက်ပံ့ကူညီပေးနိုင်ရန် ရည်ရွယ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) နဲ့ MPT Money လက်တွဲကာ ဆောင်ရွက်လိုက်တယ်လို့ သိရပါတယ်။

MPT Money ကိုယ်စားလှယ်တွေ အနေနဲ့ ပုသိမ်ကြီး၊ မုံရွာ၊ ပဲခူး၊ လားရှိုးနဲ့ မကွေးမြို့များရှိ တောင်သူလယ်သမားတွေကို ချေးငွေထုတ်ပေးခြင်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ “စိုက်ပျိုးရေးကဏ္ဍဟာ အဓိကကျတဲ့ ကဏ္ဍကြီး တစ်ခုအဖြစ် ရှိနေတဲ့ မြန်မာနိုင်ငံမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်နေတဲ့ အဓိက အခက်အခဲအချို့ကို ကျော်လွှားနိုင်ဖို့ MPT Money ရဲ့ ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းက ထိထိရောက်ရောက် ကူညီနိုင်မယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါတယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) နဲ့အတူ ပူးပေါင်းပြီးတော့ MPT Money ရဲ့ ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုကနေတစ်ဆင့် တောင်သူ လယ်သမားတွေကို မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတွေ ရယူနိုင်စေဖို့နဲ့ ကျေးလက်ဒေသတွေမှာ ငွေရေးကြေးရေးကဏ္ဍကို လူတိုင်းလက်လှမ်းမီ ပါဝင်နိုင်စေရေးနဲ့ ငွေသားသုံးစွဲစရာမလိုတဲ့စနစ်ကို ပြောင်းလဲမှု အတွက် ပံ့ပိုးလုပ်ဆောင်ရာမှာလည်း အထောက်အပံ့ကောင်းတွေ ဖြစ်စေမှာပါ” လို့ MPT Money ၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးခင်မောင်မြင့်က ပြောပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရဲ့ စိုက်ပျိုးစရိတ်ထုတ်ချေးခြင်းကို ပထမအဆင့်အနေနဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်/မြို့နယ် ဘဏ်ခွဲပေါင်း ၂၂ ခုမှာ Mobile Payment နဲ့ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ MPT Money အနေနဲ့လုပ်ငန်းများတိုးချဲ့၍ အခြားခရိုင်/မြို့နယ်ဘဏ်ခွဲများတွင်လည်း ဆောင်ရွက်သွားရန် မျှော်လင့် ကြောင်း၊ တောင်သူလယ်သမားများ အဆင်ပြေလွယ်ကူစွာ ချေးငွေများကို အချိန်မီထုတ်ပေးနိုင်ရန် အရေးကြီး ကြောင်း မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ရဲ့ ဦးဆောင်ညွှန်းကြားရေးမှူး ဦးမင်းသူက ပြောကြားခဲ့ပါတယ်။

လက်ရှိတွင် MPT Money အနေနဲ့ နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၈၀ ကျော်မှာ ကိုယ်စားလှယ်ဆိုင်ပေါင်း ၂၇,၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««