တူရကီ Android ဖုန်းသစ်တွေမှာ Google ဝန်ဆောင်မှု ပါဝင်ဖွယ်မရှိ

တူရကီနိုင်ငံရဲ့ စီးပွားပြိုင်ဆိုင်မှုဘုတ်အဖွဲ့က Google ရဲ့စာချုပ်ကို လက်သင့်ခံနိုင်ဖွယ်မရှိ ဆိုပြီး ပယ်ချလိုက်ပါတယ်။ ဒါကြောင့် နိုင်ငံတွင်း ထွက်ရှိမယ့် Android ဖုန်းသစ်တွေနဲ့အတူ လက်တွဲလုပ်ကိုင်သွားမှာ မဟုတ်ဘူးလို့ Google က တူရကီလုပ်ငန်းတွဲဖက်လုပ်ကိုင်သူတွေကို ပြောထားပါတယ်။

တူရကီရဲ့ စီးပွားပြိုင်ဆိုင်မှုအာဏာပိုင်တွေက မိုဘိုင်း software ရောင်းချမှုမှာ ပြိုင်ဆိုင်ရေးဥပဒေကို ချိုးဖောက်ခဲ့တဲ့ Google ကို ၂၀၁၈ ခုနှစ်မှာ လီရာ ၉၃ သန်း (ဒေါ်လာ ၁၇.၄ သန်း) ဒဏ်ရိုက်ခဲ့ပါတယ်။ ပြိုင်ဆိုင်မှုကို ပုံမှန်အတိုင်း အပြောင်းအလဲ ပြုလုပ်သွားဖို့ Google ကို ၆ လ အချိန်ပေးထားပါတယ်။

တူရကီရဲ့ စီးပွားပြိုင်ဆိုင်မှုဘုတ်အဖွဲ့က နိုဝင်ဘာ ၇ ရက်မှာတော့ Google က လုပ်ငန်းတွဲဖက်လုပ်ကိုင်သူတွေနဲ့ ချုပ်ဆိုမယ့် စာချုပ်ကို အပြောင်းအလဲပြုလုပ်ဖို့ ပြဋ္ဌာန်းခဲ့ပါတယ်။ ဘုတ်အဖွဲ့ရဲ့ တောင်းဆိုမှုတွေက လုံလောက်မှုမရှိဘဲ Google ကို default search engine ဖြစ်စေမယ့် အပြောင်းအလဲကို ခွင့်မပြုဘူးလို့ သိရပါတယ်။

“ကျွန်တော်တို့က လုပ်ငန်းတွဲဖက်လုပ်ကိုင်သူတွေကို သတင်းပေးထားပြီးပါပြီ။ တူရကီဈေးကွက်မှာ ဖြန့်ချိမယ့် Android ဖုန်းသစ်တွေနဲ့အတူ လက်တွဲလုပ်ကိုင်မှာ မဟုတ်ပါဘူး” လို့ Google ကထုတ်ပြန်ခဲ့ပါတယ်။

“သုံးစွဲသူတွေအနေနဲ့ ထွက်ရှိပြီးသား ထုတ်ကုန်ကို ဝယ်ယူနိုင်ပြီး ထုတ်ကုန်နဲ့ application တွေကို ပုံမှန်အသုံးပြုနိုင်ပါတယ်။ Google ရဲ့ အခြားဝန်ဆောင်မှုအပေါ် သက်ရောက်မှုမရှိဘူး” လို့ Google ကပြောခဲ့ပြီး တူရကီအာဏာပိုင်တွေအနေနဲ့ အခုပြဿနာကို ဖြေရှင်းဖို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

စိုးထက်
Ref: Reuters