တရုတ်-မြန်မာ ပူးတွဲသုတေသနစီမံကိန်း ၁၀ ခုကို တရုတ်ယွမ် ၁၅ သန်း ထောက်ပံ့မည်

တရုတ်-မြန်မာ ပူးတွဲသုတေသနစီမံကိန်း ၁၀ ခုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တရုတ်ယွမ် ၁၅ သန်းထောက်ပံ့မယ့် အစီအစဉ် စတင်လိုက်တယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်က ကျင်းပခဲ့တဲ့ ပထမအကြိမ် သိပ္ပံနှင့်နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တရုတ်-မြန်မာ ပူးတွဲ ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ ရွေးချယ်ထားတဲ့ ပူးတွဲသုတေသနစီမံကိန်း ၁၀ ခုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တရုတ်ယွမ် ၁၅ သန်းထောက်ပံ့မည့် အစီအစဉ် စတင်ခြင်း အထိမ်းအမှတ် ကျင်းပခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာကျောင်းသားများအတွက် နှစ်စဉ်ပညာသင်ဆုများ ချီးမြှင့်ခြင်း အတွက် ကျေးဇူးတင်ရှိကြောင်း၊ပထမအကြိမ် တရုတ်-မြန်မာ ပူးတွဲသုတေသနစီမံကိန်းများတွင် စိုက်ပျိုးရေးကဏ္ဍ၊ သောက်သုံးရေ သန့်ရှင်းလုံခြုံရေးကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ၊ တိုင်းရင်းဆေးပညာကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ၊ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် ကာကွယ်ရေးကဏ္ဍနှင့် တိကျစွာတိုင်းတာခြင်းနည်းပညာနှင့် စံချိန်စံညွှန်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးကဏ္ဍတို့မှ လျှောက်လွှာခေါ်ဆိုခဲ့ပြီး စီမံကိန်း ၆၃ ထဲမှ ၁၀ ခုကို ရွေးချယ်ခဲ့ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ တရုတ်ယွမ် ၁၅ သန်းထက်မပိုသော ထောက်ပံ့ငွေဖြင့် တရုတ်နိုင်ငံ၏ တက္ကသိုလ်များ၊ သုတေသနဌာနများ၊ အဖွဲ့အစည်းများနှင့် မြန်မာနိုင်ငံ၏ တက္ကသိုလ်များ၊ သုတေသနဌာနများ ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။

၁၉၅၀ ပြည့်နှစ်မှစ၍ ထူထောင်ခဲ့တဲ့ တရုတ်-မြန်မာ သံတမန်ဆက်သွယ်ရေး နှစ် (၇၀) ပြည့် ပြည့်မြောက်သော ယခု ၂၀၂၀ ပြည့်နှစ်မှစတင်ကာ ပူးတွဲသုတေသန၊ လူငယ်သိပ္ပံပညာရှင်များ လည်ပတ်ရေးအစီအစဉ်နဲ့ နည်းပညာဖလှယ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။ တရုတ်-မြန်မာ ပူးတွဲသုတေသနစီမံကိန်းများ စတင်ခြင်း အခမ်းအနားကို သြဂုတ် ၂၆ ရက်က နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၂၁ မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

-သန္တာ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««