တရုတ်နိုင်ငံမှာ ဝီဂါလူမျိုးတွေကို ဖိနှိပ်ဖို့နည်းပညာကို ဘယ်လို အသုံးချနေကြသလဲ

လွန်ခဲ့တဲ့ ၂ ပတ်ကျော်လောက်က ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ တရုတ်အစိုးရ စာရွက်စာတမ်းနဲ့ပတ်သက်တဲ့ အရေးကြီး သတင်း၂ ပုဒ် ထွက်ပေါ်လာပါတယ်။ အဲဒီ စာရွက်စာတမ်းထဲမှာ တရုတ်နိုင်ငံအတွင်းက ဝီဂါလူမျိုးတွေကို ဖိနှိပ်မှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ပါဝင်လာပါတယ်။ စာရွက်စာတမ်းထဲမှာ လူများစွာကို စောင့်ကြည့်ဖို့ ဘယ်လိုနည်းပညာတွေ အသုံးပြုတဲ့ အသေးစိတ် အချက်လက်တွေအပြင် ယခင်က မရှိဖူးတဲ့ ပုံစံမျိုးနဲ့ လူတွေရဲ့နေ့စဉ်ဘဝကို ခြေရာခံတဲ့အကြောင်းတွေ ပါဝင်လာပါတယ်။

ပထမဆုံး သတင်းဖော်ပြမှုက New York Times ဆောင်းပါးဖြစ်ပြီး စာမျက်နှာ ၄၀၀ ကျော်ရှိတဲ့ စာရွက်စာတမ်းကို လေ့လာဆန်းစစ်ထားတာ ဖြစ်ပါတယ်။ တရုတ်သမ္မတ ရှီကျင်ဖျင့် အပါအဝင် အစိုးရခေါင်းဆောင်တွေက ဝီဂါလူမျိုးတွေကို ဖိနှိပ်ဖို့ ပေါ်လစီတွေ ဖန်တီး၊ အတင်းအကျပ် အသုံးပြုတာတွေ ရေးသားထားပါတယ်။ ဒုတိယ သတင်းဖော်ပြချက်ကတော့ လွတ်လပ်ပြီး အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်း ဖြစ်တဲ့ စုံစမ်းစစ်ဆေးရေးသားမှု ဂျာနယ်လစ် အပြည်ပြည်ဆိုင်ရာအဖွဲ့က ထွက်ပေါ်လာတာဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းက စာရွက်စာတမ်း ၂၄ မျက်နှာကျော်ကို ဖော်ပြခဲ့ပြီး တရုတ်အစိုးရက နည်းပညာကိုအသုံးချကာ လူများစွာကို လေ့လာစောင့်ကြည့်နေပြီး ဖမ်းဆီးဖို့အတွက် အဖွဲ့လိုက် ရှာဖွေမှုကို ဖော်ပြထားပါတယ်။ ဒါ့အပြင် ရှင်ကျန်းဒေသတွင်းက စခန်းတွေမှာ ဝီဂါ၊ ကာဇက်နဲ့ အခြားလူမျိုးစုငယ် အပါအဝင် နိုင်ငံရပ်ခြား နိုင်ငံသား တစ်သန်းကျော်ကို ထိန်းသိမ်းထားပါတယ်။

အခု သတင်းဖော်ပြချက်တွေက ထူးခြားပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်ကွန်မြူနစ်ပါတီအတွင်း အခုလို ပေါက်ကြားထွက်ပေါ်မှုက ဖြစ်လေ့ဖြစ်ထ မရှိပါဘူး။ ဝီဂါလူမျိုးတွေကို ဖိနှိပ်မှုကို စောင့်ကြည့်နေတဲ့ သုတေသီတွေနဲ့ ဂျာနယ်လစ် သတင်းဖော်ပြချက်နဲ့ အကျဉ်းသားဟောင်းတွေဆီက သတင်းတွေနဲ့လည်း ကိုက်ညီမှုရှိနေပါတယ်။ တရုတ်နိုင်ငံမှာ ဝီဂါလူမျိုး ၁၀ သန်းကျော် ရှိတယ်လို့ သိရပါတယ်။

လျှို့ဝှက်စာရွက်စာတမ်းကို လွတ်လပ်တဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဘာသာဗေဒသမားတွေ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ICIJ သတင်းထောက် ဘီသနီအယ်လန်အီဘရာဟီမီယန်က “စက်မှုလုပ်ငန်းပမာဏနဲ့ လူ့အခွင့်အရေးများစွာ အလွဲသုံးစားပြုလုပ်မှုကို မောင်းနှင်နိုင်တဲ့ နည်းပညာစွမ်းအင်ကို ပြသတယ်” လို့ ရေးသားခဲ့ပါတယ်။ တရုတ်အစိုးရက ကြောက်လန့်တကြား အခြေအနေနဲ့ နေထိုင်ဖို့ ရှင်ကျန်းဒေသအတွင်းက ပစ်မှတ်ထားခံရတဲ့ အဖွဲ့ဝင်တွေကို ဖိအားပေးထားပါတယ်။

လူတွေထိန်းသိမ်းကြပ်မတ်တဲ့ platform ဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် (IJOP) ကို ရဲနဲ့ အခြားအာဏာပိုင်တွေက တစ်ကိုယ်ရေအချက်အလက် စုစည်းတာအပြင် facial-recognition ကင်မရာက အချက်အလက်နဲ့ အခြားလေ့လာစောင့်ကြည့်ရေး tool တွေအတွက် အသုံးပြုခဲ့ပါတယ်။ နောက်ပြီး ထိန်းသိမ်းနိုင်ဖို့အတွက် ရှင်ကျန်းမှာ နေထိုင်သူတွေကို အမျိုးအစားများစွာ ခွဲခြားဖို့ artificial intelligence ကို အသုံးပြုထားပါတယ်။

၂၀၁၈ ခုနှစ်အစောပိုင်းလောကက IJOP ရဲ့ ထိန်းသိမ်းရေး app ကို လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က စတင်ဖော်ပြခဲ့ဖူးပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့က ရဲတွေ အသုံးပြုတဲ့ IJOP ကိုစစ်ဆေးခဲ့ပါတယ်။ အဲဒီအခါမှာတော့ ရဲတွေ စစ်ကြောခဲ့တဲ့လူတွေနဲ့ ပတ်သက်တဲ့ တစ်ကိုယ်ရေအချက်အလက် အမျိုးမျိုးကို တွေ့ရှိခဲ့ပြီး အဲဒီ အချက်အလက်တွေထဲမှာ အရပ်ပေ၊ သွေးအမျိုးအစား၊ ကားလိုင်စင်နံပါတ်၊ ပညာအရည်အချင်း၊ အလုပ်အကိုင်၊ ခရီးသွားလာမှုအခြေအနေ အပြင် နေအိမ်ရဲ့ လျှပ်စစ်မီတာ အချက်အလက်တို့ ပါဝင်လာပါတယ်။ အထက်ပါ အချက်အလက်တွေကို algorithm အသုံးပြုထားကာ သံသယဖြစ်စရာကောင်းတဲ့ လူအုပ်စုတွေအဖြစ် သတ်မှတ်ထားပါတယ်။

တရုတ်အစိုးရက အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်နိုင်မှုကြောင့် Zapya သုံးစွဲသူတွေကို စောင့်ကြည့်ဖို့ ရှင်ကျန်းလုံခြုံရးအာဏာပိုင်တွေကို ညွှန်ကြားတယ်လို့ စာရွက်စာတမ်းမှာ ဖော်ပြထားပါသေးတယ်။ ၂၀၁၂ ခုနှစ် က ဖြန့်ချိခဲ့တဲ့ Zapya ကို DewMobile ကဖန်တီးခဲ့တာ ဖြစ်ပါတယ်။ DewMobile ဟာ ဘေကျင်းအခြေစိုက် starup ကုမ္ပဏီဖြစ်ပြီး InnoSprint Silicon Valley, Silicon Valley ဘဏ်နဲ့ Tsinghua တက္ကသိုလ်က ငွေကြေးထောက်ပံ့မှု ရရှိထားပါတယ်။ Zapya ရည်ရွယ်ချက်က ကိုရန်ကျမ်းစာကို download လုပ်နိုင်မယ့် နည်းလမ်းကို ပေးဖို့ဖြစ်ပြီး ဝက်ဘ်ဆိုက်ကို ချိတ်ဆက်ထားစရာ မလိုဘဲ အခြားသုံးစွဲသူတွေနဲ့ ဖိုင်နဲ့ message တွေဝေမျှဖို့ဖြစ်ပါတယ်။

ICIJ ရဲ့ဖော်ပြချက်အရ စာရွက်စာတမ်းတွေက ၂၀၁၆ ခုနှစ်၊ ဇူလိုင်လနောက်ပိုင်း ဖြစ်ရပ်တွေကို ဖော်ပြထားပါတယ်။ တရုတ်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုအတွက် သုံးစွဲသူတွေကို ခြေရာခံဖို့ ဝီဂါတချို့ဖုန်းပေါ်က Zapya app ကိုလေ့လာစောင့်ကြည့်ခဲ့ပါတယ်။ DewMobile ကတော့ ICIJ ရဲ့ မှတ်ချက်အတွက် တောင်းဆိုမှု မတုံ့ပြန်ခဲ့ပါဘူး။ နိုင်ငံခြားသားကတ်ကို ကိုင်ဆောင်ထားတဲ့ ဝီဂါတွေ ဒါမှမဟုတ် နိုင်ငံရပ်ခြားမှာ နေထိုင်တဲ့ ဝီဂါလူမျိုးတွေကို လေ့လာစောင့်ကြည့်နေတယ်လို့ စာရွက်စာတမ်းမှာ ဖော်ပြထားပါတယ်။

New York Times နဲ့ ICIJ သတင်းတွေက အရေးပါပါတယ်။ ရှီကျင်ဖျင့်အစိုးရအဖွဲ့က ထိန်းသိမ်းရေးစခန်းတွေဟာ တရုတ်လူ့အဖွဲ့အစည်းအတွင်း ဝင်ရောက်လာတဲ့ လူနည်းစုအုပ်စုတွေကို ကူညီပြီး အစွန်းရောင်အကြမ်းဖက်မှုတွေ ကို တားဆီးဖို့ ပညာပေးရေးနဲ့ လေ့ကျင့်ရေးစင်တာတွေလို့ ပြောဆိုနေမှုကို ထောက်ပြရာရောက်ပါတယ်။ ထိန်းသိမ်းရေးစခန်းထဲ ရောက်ရှိဖူးသူတွေက စခန်းအတွင်း နှိပ်စက်ညှဉ်းပန်းတာ၊ ရိုက်နှက်တာနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ရှိတယ်လို့ ပြောခဲ့ကြပါတယ်။

ဒါပေမဲ့ တရုတ်အစိုးရအနေနဲ့ ဆက်လက်ငြင်းဆိုနေပါတယ်။ အခု ပေါက်ကြားထွက်ပေါ်လာတဲ့ စာရွက်စာတမ်းတွေဟာ လုပ်ကြံထားပြီး သတင်းတုဖြစ်တယ်လို့ ICIJ ရဲ့ပူးပေါင်းအဖွဲ့အစည်း Guaridan ကို ယူကေက တရုတ်သံရုံးကပြောခဲ့ပါတယ်။

စိုးထက်

Ref: TechCrunch