တရုတ်နိုင်ငံက ရုံးနဲ့ စတိုးတွေ အားလုံးကို ဖေဖော်ဝါရီ ၉ရက်အထိ Apple ပိတ်မည်

Apple ဟာတရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုကြောင့် တရုတ်ပြည်မကြီးမှာ ဖေဖော်ဝါရီ ၉ရက်အထိ ကော်ပိုရိတ်ရုံး၊ စတိုးနဲ့ ဆက်သွယ်ရေးစင်တာတွေအားလုံးကို ပိတ်သွားပါမယ်။ အဲဒီထုတ်ပြန်ချက်ကို Bloomberg ကဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာအများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေဖြစ်ကြေညာထားပါတယ်။ နှစ် ၅၀အတွင်း အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် လိုက်နာရမယ့် CDC သီးသန့်ဇုန်ကို ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံက ပြန်လာတဲ့ နိုင်ငံခြားသားကို ပိတ်ပင်ထားပါတယ်။ ဒါ့အပြင် နိုင်ငံထဲဝင်ရောက်လာတဲ့ လေယာဉ်အားလုံး ယာယီရပ်ဆိုင်းထားဖို့ လေကြောင်းလိုင်းတွေကို ဖိအားပေးထားပါတယ်။

Foxconn ကစီမံခန့်ခွဲတဲ့ Apple ရဲ့တရုတ်စက်ရုံတွေလည်း ပိတ်သိမ်းပြီး စက်ရုံလုပ်သားတွေ ရပ်နားထားမလားဆိုတာ မသိပါဘူး။ တရုတ်နိုင်ငံအတွင်းက ဂိမ်းစက်တွေထုတ်လုပ်တဲ့ Nintendo က ကိုရိုနာဗိုင်းရပ်စ်ကြောင့် Nintendo Switch ဂိမ်းစက်ထုတ်လုပ်မှု ထိခိုက်နေတယ်လို့ ပြောခဲ့ပါတယ်။Apple ဟာအွန်လိုင်းစတိုးကို ဆက်လက်ဖွင့်လှစ်မှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

စိုးထက်
Ref: TheVerge