တယ်လီနောမြန်မာမှ ကို‌ဗစ်-၁၉ သံသယနှင့် ကူးစက်လူနာများ ကုသပေးနေသည့် ဆေးရုံများသို့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများလှူဒါန်း

တယ်လီနောမြန်မာမှ ရန်ကုန်မြို့ရှိ အများပြည်သူပိုင် ကို‌ဗစ်-၁၉ သံသယနှင့် ကူးစက်လူနာတွေ ကုသပေးလျက်ရှိတဲ့ ဆေးရုံ (၆) ရုံကို မြန်မာကျပ်ငွေ ၁၃၃ သန်းကျော် တန်ဖိုးရှိတဲ့ (အမေရိကန်ဒေါ်လာ ၁ သိန်း) ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ရဲ့ ပံ့ပိုးပေးမှုတွေက ကျွန်တော်တို့ တန်ဖိုးထားရတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဆေးကုသရေး လုပ်ငန်းစဉ်တွေ ပိုမိုမြန်ဆန်လာစေပြီး ကို‌ဗစ်လူနာတွေရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့၊ ဒီရောဂါပိုးကနေ ထိခိုက်လွယ်တဲ့ လူကြီးတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေကို ကာကွယ်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီလိုမိုးတွင်းကာလလဲဖြစ် အသွားအလာကန့်သတ်မှုတွေ ရှိနေပေမယ့်လည်း မြန်မာနိုင်ငံသားတွေ သတင်းအချက်အလက် မပြတ်တောက်စေဖို့၊ သူတို့ရဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အဆက်အသွယ်မပြတ်တောက်သွားစေဖို့ အမြဲလုပ်ဆောင်လျက်ရှိပါတယ်” လို့ တယ်လီနောမြန်မာရဲ့ အမှုဆောင် အရာရှိချုပ် ဖြစ်သူ Jon Omund Revhaug က ပြောကြားခဲ့ပါတယ်။

အဆိုပါ ဆေးရုံ (၆) ရုံမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်အနောက်ပိုင်း ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်အရှေ့ပိုင်း ဆေးရုံကြီး၊ တောင်ဥက္ကလာပ အထူးကုဆေးရုံကြီး၊ ပြည်သူ့ဆေးရုံကြီး-လှိုင်သာယာ၊ ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးဌာနတို့ ဖြစ်ကြပြီး လက်ရှိတွင် ကို‌ဗစ်-၁၉ သံသယနှင့် ကူးစက်လူနာ (၂,၀၀၀) ဦးခန့်ကို ကုသပေးလျက်ရှိကြောင်း၊ တယ်လီနောမြန်မာအနေနဲ့ ကျန်းမာရေးမှူးတွေနဲ့ တိုင်ပင်ဆွေးနွေးကာ အထက်ဖော်ပြပါ ဆေးရုံ (၆) ရုံတွင် မရှိမဖြစ် လိုအပ်လျက်ရှိတဲ့ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများဖြစ်တဲ့ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ၊ X-ray နှင့် ECG စက်များ၊ အောက်ဆီဂျင်နှင့် အောက်ဆီဂျင်ထောက်ပံ့လုပ်ဆောင်ပေးသည့် စက်ပစ္စည်းများနှင့် ကျန်းမာရေးထောက်ခံချက်ပြည့်ဝသည့် စံချိန်စံညွှန်းမီ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံများ (medical grade PPE)၊ ဦးခေါင်းစွပ်များ (caps)၊ တစ်ခါသုံးစွန့်ပစ် လက်အိတ်များနှင့် N95 1860 အမျိုးအစား နှာခေါင်းစည်းများ စသည်တို့ကို ပံ့ပိုးပေးခဲ့တယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««