တယ်လီနောဆင်းမ်ကတ် ပြန်လည်မှတ်ပုံတင်သူများ ဒေတာ သို့မဟုတ် ဖုန်းဘီလ်အခမဲ့ရရှိမည်

တယ်လီနောဆင်းမ်ကတ် သုံးစွဲသူတွေအနေနဲ့ မိမိတို့ရဲ့ ဆင်းမ်ကတ် တွေကို ပြန်လည်စနစ်တကျ မှတ်ပုံတင်ခြင်းဖြင့် ဒေတာ 5GB အထိ သို့မဟုတ် ဖုန်းဘီလ် ၁၀၀၀ ကျပ်အထိ အခမဲ့ရရှိနိုင်မယ်လို့ သိရပါတယ်။

တယ်လီနောသုံးစွဲသူတွေအနေနဲ့ တရားဝင်အသိအမှတ်ပြုထားတဲ့ သက်သေခံကတ်ပြား တစ်ခုလျှင် ဆင်းမ်ကတ် (၂) ခုအထိ မှတ်ပုံတင်နိုင်ပြီး တယ်လီနောသုံးစွဲသူတွေအနေနဲ့ မိမိဆင်းမ်ကတ် မှတ်ပုံတင်ထားခြင်း ရှိမရှိကို *979*3*3# သို့ ခေါ်ဆိုခြင်း သို့မဟုတ် မက်ဆေ့ချ်နံပါတ် (၅၀၀) သို့ “REG” စာတိုပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်မှာဖြစ်သလို တယ်လီနောမြန်မာဝက်ဘ်ဆိုက်နဲ့ MyTelenor မိုဘိုင်းအက်ပလီကေးရှင်း မှတစ်ဆင့် ကိုယ်တိုင်မှတ်ပုံတင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိနေရာနဲ့ အနီးဆုံး တယ်လီနောအရောင်းဆိုင်တွေမှာလည်း သွားရောက် အကူအညီရယူနိုင်ပြီး တယ်လီနောမြန်မာရဲ့ call centre နံပါတ်ဖြစ်တဲ့ ၉၇၉ ကို ဆက်သွယ်ကာ အကူအညီရယူနိုင်မှာလည်းဖြစ်ပါတယ်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားချက်တွေအရ သုံးစွဲသူများအနေနဲ့ မိမိရဲ့ သက်သေခံလက်မှတ် (မြန်မာနိုင်ငံသားဖြစ်ပါက နိုင်ငံသားစိစစ်ရေးကတ်၊ မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ်၊ ပူးတွဲနိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ်၊ နိုင်ငံသားခံယူခွင့် ရရှိထားကြောင်း သက်သေခံလက်မှတ်၊ နှင့် နိုင်ငံခြားသားဖြစ်ပါက မိမိကိုင်ဆောင်ထားသည့် နိုင်ငံကူးလက်မှတ်) နဲ့ ဆင်းမ်ကတ် နှစ်ခုအထိ မှတ်ပုံတင်ကာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တည်ဆဲဥပဒေအရ ထုတ်ပေးထားတဲ့ သက်သေခံလက်မှတ်ဖြင့် မှတ်ပုံ မတင်ထားသော ဆင်းမ်ကတ် သို့မဟုတ် ဆင်းမ်ကတ်နှစ်ခုထက် ပိုမို မှတ်ပုံတင်ထားသော ဆင်းမ်ကတ်တွေကို ဧပြီ ၃၀ ရက်မှ စတင်ကာ အထွက်ခေါ်ဆိုမှု ပိတ်သွားမှာဖြစ်တဲ့အပြင် ပြန်လည် မှတ်ပုံမတင်ထားသော ဆင်းမ်ကတ်တွေကို ဇွန် ၃၀ ရက် နောက်ဆုံးထားပြီး ဆင်းမ်ကတ် ဆက်သွယ်မှုအား အပြီးပိတ်သိမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း