တတိယအကြိမ်မြောက် ကျင်းပမည့် Myanmar Youth Technopreneurship Development Program 2020 အတွက် ပြိုင်ပွဲဝင်များ စတင်ဖိတ်ခေါ်

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် (MCF) မှ စီမံကွပ်ကဲပြီး kanaung Hub မှ ကြီးကြပ်ကာ ဆက်သွယ်ရေး အော်ပရေတာ MPT ရဲ့ထောက်ပံ့မှုနဲ့ တတိယအကြိမ်မြောက်ကျင်းပမယ့် မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေး အစီအစဉ် ၂၀၂၀ (Myanmar Youth Technopreneurship Development Program 2020 ) အတွက် ပြိုင်ပွဲဝင်တွေကို စတင်ဖိတ်ခေါ်နေပြီဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်ကို နည်းပညာစွန့်ဦးတီထွင်လူငယ်များကို မြှင့်တင်ပေးရန်၊ လုပ်ငန်းများအကြား ကွန်ရက်၊ ဆက်ဆံရေး ထူထောင်နိုင်ရန်၊ နည်းပညာအလုပ်အကိုင် အခွင့်အလမ်းများ ဖန်းတီးပေးနိုင်ရန်၊ မြန်မာနိုင်ငံ အတွင်းရှိ နည်းပညာရှင် လူငယ်များ နည်းပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်နှင့် ပြည်သူလူထုအတွင်း နည်းပညာများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်တယ်လို့ သိရပါတယ်။

MYTDP 2020 မှာ ပါဝင်လိုသူတွေအနေနဲ့ လျှောက်လွှာတွေကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘေ ၆ ရက်မှ စတင်လျှောက်ထားနိုင်မှာဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။ ပဏာမရွေးချယ်မှုအဆင့်နဲ့ နောက်ဆုံးရွေးချယ်မှုအဆင့်ဆိုပြီး အဆင့် ၂ ဆင့်နဲ့ ပြုလုပ်သွားမှာဖြစ်ကာ နိုင်ငံတစ်ဝန်းရှိ လူငယ်အဖွဲ့များအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်နိုင်မှာဖြစ်ကာ အထက်မြန်မာပြည် (မန္တလေးအခြေစိုက်)နဲ့ အောက်မြန်မာပြည် (ရန်ကုန်အခြေစိုက်) ဆိုပြီး ဒေသအလိုက် အနိုင်ရရှိတဲ့အသင်းတွေကို ရွေးချယ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

MYTDP 2020 အတွက် အရည်အချင်း သတ်မှတ်ချက်အနေနဲ့ လျှောက်ထားသူတွေဟာ အသက် (၁၈) နှစ် ပြည့်ပြီးသူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ဖို့ လိုအပ်ကာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အဖွဲ့တစ်ဖွဲ့မှာ (၂) ဦးမှ (၅) ဦးအထိ ပါဝင်ရမှာဖြစ်ပါတယ်။ Technology-based နည်းပညာ အခြေပြုအသုံးချတဲ့ လုပ်ငန်းဖြစ်ရမှာဖြစ်ပြီး အခြားအဖွဲ့အစည်းတွေက ဆောင်ရွက်နေတဲ့ နိုင်ငံအဆင့် ပြိုင်ပွဲတွေမှာ အမြင့်ဆုံးဆု ဒါမှမဟုတ် ထောက်ပံ့ကြေးရရှိထားတဲ့ လုပ်ငန်းမဖြစ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဝင်ရောက်ယှဉ်ပြိုင်တဲ့ လုပ်ငန်းဟာ လုပ်ငန်းအုပ်စု သို့မဟုတ် အခြားကုမ္ပဏီကြီး တစ်ခုခု အောက်မှ စီမံကိန်းလည်း မဖြစ်ရန်လိုအပ်သလို ယခင်နှစ်များက MYTDP အစီအစဉ်တွေမှာ အကြီးဆုံးဆုများ ရရှိထားသူ မဖြစ်ရဘူးလို့ သိရပါတယ်။ MYTDP 2020 အစီအစဉ်မှာ ဆုရရှိတဲ့အဖွဲ့တွေအနေနဲ့ ၂၀၂၀ ခုနှစ်အတွင်း အနိုင်ရရှိတဲ့ မိမိတို့ရဲ့ လုပ်ငန်းကို အချိန်ပြည့် လုပ်ကိုင်နိုင်ရမှာဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်တဲ့ လုပ်ငန်းဟာ ဈေးကွက်အတွင်း လျင်မြန်စွာ ဈေးကွက်ဝေစုရယူပြီး ဆက်လက်ကြီးထွားနိုင်တဲ့ လုပ်ငန်းမျိုးဖြစ်ရန်လိုအပ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီတဲ့ လုပ်ငန်းဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ကနဦးရွေးချယ်ခံရတဲ့ အဖွဲ့တွေအနေနဲ့ အနီးကပ်ပို့ချသည့် အစီအစဉ် (Boot Camp) ကို ပါဝင်နိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ မှာ အနိုင်ရရှိသူတွေကို ဆုအမျိုးအစား (၃) မျိုးခွဲကာ ဒိုင်လူကြီးအဖွဲ့က ရွေးချယ်သွားမှာဖြစ်ပြီး ဆုအမျိုးအစားတွေက Accelerate Award (ငွေသားဖြင့် ချီးမြှင့်မည့် ဆုကြေး – ကျပ် (၁၀၀) သိန်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် လက်အောက်ရှိ Kanaung Hub ရဲ့ co-working space မှာ အလုပ်လုပ်ရန် နေရာ (၆) လ ကုမ္ပဏီမှတ်ပုံတင်ဝန်ဆောင်မှု၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆိုင်ရာ လှုပ်ရှားမှုတွေမှာ ပါဝင်ခွင့်၊ မီဒီယာများတွင် ပါဝင်ခြင်း)၊ Startup Award( ငွေသားဖြင့် ချီးမြှင့်မည့် ဆုကြေး – ကျပ် (၈၀) သိန်း၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် လက်အောက်ရှိ Kanaung Hub ၏ co-working space တွင် အလုပ်လုပ်ရန် နေရာ (၆) လကုမ္ပဏီမှတ်ပုံတင်ဝန်ဆောင်မှု၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ စွန့်ဦးတီထွင်လုပ်ငန်းရှင် ဆိုင်ရာ လှုပ်ရှားမှုများမှာ ပါဝင်ခွင့်၊ မီဒီယာများမှာ ပါဝင်ခြင်း)၊ Idea Award (ငွေသားဖြင့် ချီးမြှင့်မည့် ဆုကြေး – ကျပ် (၈) သိန်း )၊ Honorable Mention (ငွေသားဖြင့် ချီးမြှင့်မည့် ဆုကြေး – ကျပ် (၃၀) သိန်း) တို့ဖြစ်ပါတယ်။

မြန်မာလူငယ် နည်းပညာ စွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ်ကို ၂၀၁၇ ခုနှစ်က စတင်ခဲ့တာဖြစ်ပြီး ယခုပြုလုပ်တဲ့ အစီစဉ်မှာ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ မြန်မာလူငယ် နည်းပညာစွန့်ဦးတီထွင် ဖွံ့ဖြိုးရေးအစီအစဉ် ၂၀၂၀ မှာ ပါဝင်ယှဉ်ပြိုင်လိုသူတွေ အနေနဲ့ https://www.mmtechnopreneurship.com မှာလည်းကောင်း၊ နိုင်ငံတစ်ဝန်းရှိ MPT ရုံးများ ( http://bit.ly/2OGsOhv ) မှာလည်းကောင်း လျှောက်ထားနိုင်မှာဖြစ်သလို အစီအစဉ် အသေးစိတ်ကို https://www.mmtechnopreneurship.com နဲ့ https://www.facebook.com/mmtechnopreneurship မှာ လေ့လာနိုင်မှာဖြစ်ပါတယ်။