တစ်လ ၁၅ ဒေါ်လာ ကျသင့်မယ့် HBO Max ဗီဒီယိုဝန်ဆောင်မှု

AT&T ရဲ့ WarnerMedia က HBO ရုပ်သံလိုင်းအတွက် ဗီဒီယိုဝန်ဆောင်မှု HBO Max ကို အမေရိကန်မှာ မေလအတွင်း စတင်ထုတ်လွှင့်မှာဖြစ်ပြီး တစ်လ ၁၅ ဒေါ်လာ ကျသင့်ပါမယ်။ HBO Now ဝန်ဆောင်မှုက အဖွဲ့ဝင်တွေကို HBO Max ဆီ လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။

HBO Now ဝန်ဆောင်မှု လစဉ်ကြေးကလည်း တစ်လ ၁၅ ဒေါ်လာပဲ ကျသင့်ပါတယ်။ HBO Max မှာတော့ ကဏ္ဍတွေ ပိုမို စုံလင်လာပါတယ်။ HBO Max ဟာ Netflix လိုမျိုး လစဉ်ကြေးပေးသွင်းရတဲ့ ဗီဒီယိုဝန်ဆောင်မှုဖြစ်ပြီး ကြော်ငြာပါဝင်မှာ မဟုတ်ပါဘူး။ နောက်ပိုင်းမှာ ဈေးနှုန်းလျှော့ချပြီး ကြော်ငြာတွေမိတ်ဆက်မယ်လို့ သိရပါတယ်။

HBO Max မှာ podcast တွေလည်း ပါဝင်လာမှာပါ။ လစဉ်ကြေးပေးသွင်းသူတွေ အနေနဲ့ HBO Max မိုဘိုင်း app ကိုအသုံးပြုပြီး podcast တွေနားထောင်နိုင်သလို HBO စီးရီး Chernobyl ကိုလည်းကြည့်နိုင်ပါမယ်။

HBO Max ကို မိုဘိုင်းမှာ အသုံးပြုရင် အစီအစဉ်တွေကို offline ကြည့်နိုင်အောင် download ပြုလုပ်ခွင့် ပြုသွားပါမယ်။ HBO Max app မှာ ကိုယ်ရေးအကျဉ်းတွေပါဝင်ပြီး ကလေးတွေအတွက် အသက်အရွယ်ပိုင်းအရ content ကိုကာကွယ်ပေးသွားမှာဖြစ်ပါတယ်။ နာမည်ကျော်ကြားသူတချို့ကလည်း playlist တွေနဲ့ ကြည့်ရှုရမယ့် အစီအစဉ်တွေကို အကြံပေးသွားမယ်လို့ သိရပါတယ်။ HBO Max မှာ နာရီ ၁၀,၀၀၀ ပမာဏရှိတဲ့ ရုပ်သံအစီအစဉ်တွေ ပါဝင်ပြီး HBO တီဗီရုပ်သံလိုင်းက အစီအစဉ်အများစု ပါဝင်ပါတယ်။

ပထမဆုံးနှစ်မှာတော့ HBO Max က သီးသန့် မူလရုပ်သံအစီအစဉ် ၃၁ ခုကို ထုတ်လွှင့်သွားပါမယ်။ ရုပ်သံလိုင်း HBO မှာပြသနေတဲ့ မူလရုပ်သံအစီအစဉ် ၃၈ ခုကို နောက်ပိုင်း တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒုတိယနှစ်မှာတော့ သီးသန့်အစီအစဉ် ၅၀ ပါဝင်လာမှာ ဖြစ်ကာ HBO မူလရုပ်သံအစီအစဉ် ၃၈ ခုကိုလည်း ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

စိုးထက်
Ref: CNET