
ကမ္ဘာတစ်ဝန်းကလူတွေက Facebook နဲ့ Twitter ကိုစွန့်ခွာလာကြပါတယ်။ အဲဒီလူတွေက တစ်ကိုယ်ရေ အချက်အလက် ဦးစားပေး လူမှုကွန်ရက် MeWe ဆီရောက်ကုန်ကြပါတယ်။
သုံးစွဲသူတွေဟာ ကုမ္ပဏီတွေရဲ့ တစ်ကိုယ်ရေအချက်အလက်လုံခြုံရေး ချိုးဖောက်ခံရတာ၊ လေ့လာစောင့်ကြည့်ရေး အရင်းရှင်စနစ်၊ နိုင်ငံရေးဘက်လိုက်မှု၊ ပစ်မှတ်ထားမှုနဲ့ newsfeed အလွဲသုံးစား ပြုလုပ်ခံရမှုကို အကြိမ်ကြိမ် ခံခဲ့ရပါတယ်။
အဲဒီကိစ္စတွေ အဆက်မပြတ် ဖြစ်ပွားမှုကြောင့် အခြားလူမှုကွန်ရက်တွေ အတွက် အကျိုးဖြစ်ထွန်းလာပါတယ်။ လော့စ်အိန်ဂျလိစ်အခြေစိုက် MeWe ကတော့ ကြော်ငြာမပါတဲ့ အနာဂတ် လူမှုကွန်ရက်တစ်ခုလို့ ကြေညာထားပါတယ်။
လက်ရှိမှာ Google Play Store အတွင်း download လုပ်မှုအများဆုံး နံပါတ်တစ် social app ဖြစ်ပါတယ်။ ဒါ့အပြင် Google Play Store တစ်ခုလုံးအတွက် download ပြုလုပ်မှုအများဆုံး နံပါတ် ၃ နေရာမှာ ရှိပါတယ်။
Facebook နဲ့မတူဘဲ တစ်ကိုယ်ရေအချက်အလက် လုံခြုံရေးအသားပေး MeWe ဟာ ပြီးခဲ့တဲ့ အပတ်အတွင်း သုံးစွဲသူအသစ် ၂.၅ သန်း ရရှိခဲ့ပါတယ်။၂၀၁၆ ခုနှစ်က စတင်မိတ်ဆက်ခဲ့တဲ့ MeWe ဟာ ၂၀၂၀ အောက်တိုဘာလအတွင်း သုံးစွဲသူ ၉ သန်း အထိ ရှိလာပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း အဖွဲ့ဝင် နှစ်ဆတိုးလာတာ ဖြစ်ပါတယ်။လက်ရှိမှာ MeWe လူမှုကွန်ရက်ကို အသုံးပြုသူ ၁၅.၅ သန်းရှိပြီး မြောက်အမေရိက ပြင်ပကနေ အသုံးပြုသူ ၅၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။
အခုအခါ MeWe လူမှုကွန်ရက်ကိုတော့ ဘာသာပေါင်း ၂၀ အထိ ပြန်ဆိုထားပြီး ဟောင်ကောင်မှာလည်း နံပါတ် (၁) social app ဖြစ်နေပါတယ်။
အဖွဲ့ဝင်အသစ်တွေ အမြဲတိုးတက်လာတာနဲ့ ပတ်သက်ပြီး MeWe က အခုလို ပြောခဲ့ပါတယ်။ လူတွေက အချက်အလက်တွေ ဝေမျှပြီး ပစ်မှတ်ထားရောင်းချဖို့ မဟုတ်ဘဲ သုံးစွဲသူအဖြစ် တလေးတစားဆက်ဆံမယ့် လူမှုကွန်ရက်ကို ရှာဖွေနေကြပါတယ်။
MeWe ကတော့ လူတွေသဘောကျတဲ့ လူမှုကွန်ရက်က ဖြစ်ပြီး ကြော်ငြာမပါသလို အချက်အလက်အတွက် ပစ်မှတ်ထားတာလည်း မရှိပါဘူး။ ဒါ့အပြင် newsfeed ကိုလည်း အလွဲသုံးစားမလုပ်ပါဘူး။
-စိုးထက်
Ref: ZDNet
»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««