တစ်ချိန်တည်းတွင် လူဦးရေ ၂၀ အထိ ခေါ်ဆိုနိုင်သော အဖွဲ့လိုက် ဗွီဒီယိုဖြင့် ဖုန်းခေါ်ဆိုခြင်း လုပ်ဆောင်ချက်ကို Viber မိတ်ဆက်

Rakuten Viber မှ လူဦးရေ ၂၀ အထိ အချိန်အကန့်အသတ်မရှိ ခေါ်ဆိုနိုင်တဲ့ အဖွဲ့လိုက် ဗွီဒီယိုနဲ့ ဖုန်းခေါ်ဆိုဖြင်း လုပ်ဆောင်ချက် အသစ်ကို မြန်မာနိုင်ငံမှာ မိတ်ဆက်ခဲ့ပါတယ်။

Viber ရဲ့ အဖွဲ့လိုက် ဗွီဒီယိုဖြင့် ဖုန်းခေါ်ဆိုခြင်းကို Viber အက်ပလီကေးရှင်းမှ အလွယ်တကူရယူနိုင်ပြီး မိုဘိုင်းဖုန်းမှဖြစ်စေ၊ ကွန်ပျူတာမှ ဖြစ်စေ ပြုလုပ်နိုင်တဲ့ မိမိရဲ့ မိုဘိုင်းဖုန်း (သို့) ကွန်ပျူတာရဲ့ မျက်နှာပြင်ကို အခြားတစ်ဖက်သို့ မျှဝေခြင်း (screen sharing) နဲ့ ဗွီဒီယိုဖြင့် ဖုန်းခေါ်ဆိုခြင်းများမှာ အလုပ်လုပ်ရာတွင် အထောက်အပံ့ပြုပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဖွဲ့လိုက် ဗွီဒီယိုဖြင့် ဖုန်းခေါ်ဆိုခြင်း စတင်ပြုလုပ်ရန်မှာ လွယ်ကူကြောင်း၊ ဖုန်းမျက်နှာပြင်ထိပ်ရှိ အသစ်ထည့်သွင်းထားတဲ့ “ဗွီဒီယို” ခလုတ်ကိုနှိပ်၍ ခေါ်ဆိုနိုင်ပြီး လက်ရှိခေါ်ဆိုမှုအတွင်းသို့ လူအများကိုလည်း လွယ်ကူစွာ ထပ်မံထည့်သွင်းသွားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဖွဲ့လိုက် ဗွီဒီယိုဖြင့် ဖုန်းခေါ်ဆိုခြင်းမှာ ပြောကြားနေသူရဲ့ ဗွီဒီယိုကို ပါဝင်သူများအားလုံးထံသို့ ပြသပေးသွားမှာဖြစ်ကြောင်း၊ အသုံးပြုသူများမှ ခေါ်ဆိုနေချိန်အတွင်း ဗွီဒီယို ဖုန်းခေါ်ဆိုမှုအတွင်း ပါဝင်သူ မည်သူ၏ ဗွီဒီယိုကိုမဆို ကြည့်ရှုရန်အတွက် လျှို့ဝှက်စွာ လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း၊ အသုံးပြုသူတွေအနေနဲ့ အသံပိတ်ထားခြင်း၊ ဗွီဒီယို ပိတ်ထားခြင်းတွေကိုလည်း ပြုလုပ်နိုင်မှာဖြစ်ပြီး အခြားပါဝင်သူများမှ အသံပိတ်ထားခြင်း သို့မဟုတ် ဗွီဒီယို ပိတ်ထားတဲ့အခါမှာလည်း သိရှိနိုင်မှာဖြစ်ပါတယ်။

“အသုံးပြုသူတွေ အယောက် ၂၀ အထိ Video call ခေါ်ဆိုနိုင်အောင် ပြုလုပ်ပေးနိုင်ဖို့ ကျွန်တော်တို့ အရမ်းပဲ စိတ်လှုပ်ရှားနေပြီးတော့ နောက်မကြာခင်မှာလည်း ထပ်ပြီးတိုးချဲ့လုပ်ဆောင်သွားဖို့တွေ ရှိပါတယ်။ အသုံးပြုသူတွေ အလွယ်တကူ ဆက်သွယ်ပြောဆိုနိုင်စေဖို့ အတွက် Viber က အရေးကြီးလုပ်ဆောင်ချက် တစ်ခု အနေနဲ့ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဗွီဒီယိုက တစ်ဆင့် ဆွေးနွေးပြောဆိုတာတွေက အရင်တုန်းကထက်စာရင် ကျွန်တော်တို့ဘဝတွေရဲ့ တစ်စိတ်တစ်ဒေသ ပိုဖြစ်လာပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အပြင်မှာ ဆက်သွယ်ပြောဆိုဖို့ ရွေးချယ်စရာမရှိတဲ့အချိန်မှာ အသုံးပြုသူတွေ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးနိုင်စေဖို့ အနီးစပ်ဆုံးဖြစ်အောင် ဒီလုပ်ဆောင်ချက်ကို ထည့်သွင်းဖို့ ဆုံးဖြတ်လိုက်ကြတာပါ” လို့ Viber ရဲ့ COO ဖြစ်သူ Ofir Eyal က ပြောကြားခဲ့ပါတယ်။

-အောင်သူ