တစ်ကိုယ်ရေအချက်အလက် အလေးထားတဲ့ DuckDuckGo အသုံးပြုမှု မြင့်တက်

အွန်လိုင်းသုံးစွဲသူတွေက အချက်အလက်ခြေရာခံမှုကို ရှောင်လွှဲနိုင်ဖို့ အခြား search engine တွေကို အသုံးပြုလာကြပါတယ်။ ဒါကြောင့် ၂၀၂၀ အတွင်း တစ်ကိုယ်ရေလုံခြုံရေး အချက်အလက်တွေ အလေးထားတဲ့ DuckDuckGo search engine ကို နေ့စဉ်အသုံးပြုရှာဖွေမှု ၆၂ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

၂၀၀၈ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ DuckDuckGo ဟာ ၂၀၂၀ အတွင်း ရှာဖွေမှု ၂၃.၇ ဘီလျံနီးပါး လုပ်ပေးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၁၁ ရက်မှာတော့ DuckDuckGo တစ်ရက်အတွင်း အသုံးပြုမှု ၁၀၂,၂၅၁,၃၀၇ အထိ အမြင့်ဆုံး ရောက်ရှိခဲ့ပါတယ်။

DuckDuckGo ဟာ အခြားကုမ္ပဏီတွေနဲ့ တစ်ကိုယ်ရေအချက်အလက်တွေ ဝေမျှသုံးစွဲခြင်း မရှိသလို သုံးစွဲသူရှာဖွေမှုတွေကိုလည်း ခြေရာမခံပါဘူး။

“လူတွေက တစ်ကိုယ်ရေအချက်အလက် လုံခြုံရေးအတွက် ကျွန်တော်တို့ဆီ လာကြပါတယ်။ အဲ့သတင်းက ပါးစပ်ပြောတွေကတစ်ဆင့် ပျံ့နှံ့သွားပါတယ်။ လူတွေက လေ့လာစောင့်ကြည့်ရေး လုပ်ငန်းမော်ဒယ်တွေ အစားထိုးနိုင်မယ့် အရာကို ရှာဖွေနေတာပါ” လို့ DuckDuckGo ဆက်သွယ်ရေး ဒုဥက္ကဋ္ဌ ကာမီဘတ်ဘာ့က USA Today ဆီပြောခဲ့ပါတယ်။

-စိုးထက်
Ref: USAToday

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««