တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းအကြောင်းပြောမည့် အခမ်းအနားကျင်းပမည်

တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေနဲ့ လုပ်ငန်းခွင်ဝင်လူငယ်တွေအတွက် အကြံပေးလမ်းညွှန်တွေကို ပြောပြမယ့် Career Gallery ကို ဖေဖော်ဝါရီ ၃ ရက်၊ မနက် ၉ နာရီမှစတင်ကာ အလုံမြို့နယ်ရှိ Thalun Internation School (သာလွန်) မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အခမ်းအနားမှာ မြန်မာနိုင်ငံရဲ့စီးပွားရေးပညာရှင်တွေအပြင် မော်ဒယ်သရုပ်ဆောင် သန္တာလှိုင်နဲ့ အဆိုတော်ချမ်းချမ်းတို့ကလည်း ဘဝတက်လမ်းနဲ့ ပတ်သက်ပြီး အသိပညာ ဗဟုသုတတွေကို ဆွေးနွေးပြောကြားမယ်လို့ သိရပါတယ်။

“တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေကို လက်တွေ့ကျကျ စူးစမ်းလေ့လာတဲ့ပုံစံမျိုးနဲ့ ဘယ်လို အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလဲဆိုတာကို ပြမယ့်ပွဲလေးပဲ ဖြစ်ပါတယ်” လို့ Wynee Myanmar တည်ထောင်သူ ဒေါ်ဂျက်စီကာအောင်က ပြောပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ Pannel Discussion မှာ ဝင်ရောက်ဆွေးနွေးတာတွေအပြင် Interactive Breakout Sessions ဆိုတဲ့ အဖွဲ့ခွဲပြီး လုပ်ငန်းခွင်မှာတွေ့ရမယ့် အခက်အခဲတွေအတွက် ဆွေးနွေးပြောဆိုခွင့်တွေလည်းရမှာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောပါတယ်။

-အောင်သက်ကို