တက္ကသိုလ် ဆရာ၊ ဆရာမတွေ အတွက် အင်္ဂလိပ်စာသင်တန်းကို အွန်လိုင်းမှပို့ချ

အင်္ဂလိပ်ဘာသာစကား အမျိုးသားဗဟိုဌာနနှင့် ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနတို့က ပူးပေါင်းပြီး တက္ကသိုလ် ဆရာ၊ ဆရာမတွေအတွက် ပထမဆုံးသောအွန်လိုင်းစနစ်နဲ့ အင်္ဂလိပ်စာသင်တန်းကို မေ ၄ ရက် မှ ၂၉ ရက် အထိပို့ချလျက်ရှိတယ်လို့သိရပါတယ်။

သင်တန်းကိုတက္ကသိုလ် ဆရာ၊ ဆရာမတွေရဲ့ ဘာသာစကားစွမ်းရည်မြှင့်တင်ပေးရန်၊ presentation များကို ထိရောက်စွာဆောင်ရွက်နိုင်စေရန်၊ presentation များ၊ workshop များ၊ seminar များတွင် ကောင်းမွန်စွာပါဝင်ဆွေးနွေးနိုင်စေရန်၊ စာသင်ခန်းသုံး ဘာသာစကားအသုံးပြု၍ စာသင်ခန်းကိုစီမံခန့်ခွဲတတ်စေရန်၊ ဆန်းစစ်နည်းမျိုးစုံနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိစေရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပို့ချခြင်းဖြစ်တယ်လို့ သိရပါတယ်။

Microsoft Teams Applicationကိုအသုံးပြု၍ သင်ကြားပို့ချနေခြင်းဖြစ်ပြီး တစ်နေ့ ၃ နာရီကြာ သင်ကြားပို့ချလျက်ရှိတယ်လို့ သိရပါတယ်။ နှစ်ဦးတွဲ၊ အဖွဲ့လိုက် လေ့ကျင့်ခန်းများဆောင်ရွက်ခြင်း၊ ဆွေးနွေးခြင်း၊ quiz များဖြေဆိုခြင်းတို့ကို လုပ်ဆောင်စေမည်ဖြစ်ပြီး အခြားအွန်လိုင်းတွင်ရနိုင်သော digital resources ကိုအသုံးပြုကာ မိမိကိုယ်တိုင်လေ့ကျင့်မှုတွေလဲ ပြုလုပ်ရမှာဖြစ်ပါတယ်။

သင်တန်းကိုအောင်မြင် ပြီးမြောက်ပြီးလိုအပ်တဲ့ အရည်အချင်းပြည့်မီတဲ့ သင်တန်းသားတွေကို သင်တန်းဆင်းလက်မှတ်တွေ ချီးမြှင့်မှဖြစ်တယ်လို့ သိရပါတယ်။ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရှိ အင်္ဂလိပ်စာဆရာ၊ ဆရာမမဟုတ်တဲ့ ဆရာ၊ ဆရာမများအတွက် အလားတူအွန်လိုင်းသင်တန်းတွေကို ဆက်လက်ပို့ချသွားမယ်လို့လဲ သိရပါတယ်။

သင်တန်းကို ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၅ ခုနှစ်နှင့် ၎င်းနှစ်နောက်ပိုင်းမှာ ခန့်အပ်ထားတဲ့ အင်္ဂလိပ်စာဘာသာရပ်မှအပ ကျန်ဘာသာရပ် ၂၁ ခုမှ ဆရာ၊ဆရာမ ၉၁ ဦးတက်ရောက် လျက်ရှိပါတယ်

-သန္တာ

အင်တာနက်ဂျာနယ်ရဲ့ YouTube Channel ဖြစ်တဲ့ https://www.youtube.com/internetjournaltv မှာလည်း ဗီဒီယိုသတင်းတွေကို ကြည့်ရှုနိုင်တယ်နော် . . .