တက္ကသိုလ်၊ ကောလိပ်များ Online Teaching and Learning စနစ် အတွက် ကြိုတင် လုပ်ဆောင်ရန် အသိပေးနှိုးဆော်ထား

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေအနေနဲ့ Online Teaching and Learning စနစ်အတွက် ကြိုတင်လုပ်ငန်းများ စီမံဆောင်ရွက်ထားကြရန် ပါမောက္ခချုပ်များ ကော်မတီ မှ အသိပေး နှိုးဆော်ထားပါတယ်။

ပါမောက္ခချုပ်များကော်မတီရဲ့ ဇူလိုင် ၁၃ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင်များ Tele-meeting အစည်းအဝေး ဆွေးနွေးညှိနှိုင်းချက်တွေ အရ COVID 19 ကပ်ရောဂါကာလအတွင်း တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ ပညာသင်ယူမှု အခွင့်အလမ်းများ မဆုံးရှုံးစေရန် ရည်ရွယ်ကာ Online Teaching and Learning စနစ်နဲ့ သင်ကြားသင်ယူမှု လုပ်ငန်းများ အစားထိုး အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်တယ်လို ဆုံးဖြတ်ခဲ့ကြပါတယ်။

အသိပေးနှိုးဆော်ချက်များတွင် တက္ကသိုလ်၊ ကောလိပ်တွေအနေနဲ့ Internet Capacity/Connectivity, ဆရာ၊ ဆရာမများ ကျောင်းသား ကျောင်းသူတွေအကြား အလွယ်တကူ ချိတ်ဆက်နိုင်မယ့် email များ ပြုစုထားခြင်း၊ အတန်းလိုက် ဘာသာရပ်များအလိုက် Facebook Grouping များ ဖွဲ့စည်းထားခြင်း၊ ကျောင်းစီမံခန့်ခွဲရေးအဖွဲ့ သင်တန်းရေးရာဌာနနဲ့ သင်ကြားရေးဌာနများအတွင်း Network ဆောင်ရွက်ထားခြင်း၊ ဘာသာရပ်အလိုက် Online Teaching and Learning Curriculum Content များကြိုတင်စီစဥ်ထားခြင်းနဲ့ Blended အစီအစဥ်များပါဝင်ပါက ကြိုတင်စီမံထားခြင်းတွေကို စီမံဆောင်ရွက်ထားကြရန် စတဲ့ အချက်တွေပါဝင်ပါတယ်။

-သန္တာ