တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းများကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်း

တက္ကသိုလ်စာမေးပွဲများ၊ တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းများကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူတွေ့ရှိသည့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ စစ်ဆေးခြင်းလုပ်ငန်းများကိုလည်း ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ယခုအခါ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ခြင်း လုပ် ငန်းများ ဆောင်ရွက်ရန်အတွက် အဖြေလွှာများကို ကုဒ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေဆဲကာလဖြစ်ပြီး ယင်းလုပ်ငန်းများကိုလည်း စတင်ရပ်ဆိုင်းရန် ညွှန်ကြားထားကာ ဒေသအသီးသီးမှ စာစစ်ရန်လာရောက်နေသည့် ဆရာ၊ ဆရာမများသည် သက်ဆိုင်ရာတက္ကသိုလ်များအထိ လာရောက်စရာမလိုကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရပါတယ်။

စာစစ်လုပ်ငန်းမှာ သာမန်စာမေးပွဲတာဝန်များနှင့် မတူညီဘဲ တစ်နိုင်ငံလုံးရှိ ဆရာ/ဆရာမများ ထောင်နှင့်ချီ၍ တစ်နေရာတည်းတွင် စုဝေးဆောင်ရွက်ရသော လုပ်ငန်းဖြစ်သဖြင့် စာစစ်တာဝန်များကို သတ်မှတ်ကာလတွင် ဆောင်ရွက်ခြင်းမပြုဘဲ ပြန်လည်စဉ်းစားသုံးသပ်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ်နှင့် တက္ကသိုလ်ဆရာ/ဆရာမများအသင်းများကိုယ်စားပြုကော်မတီတို့က မတ်လ ၁၈ ရက်က တညီတညွှတ်တည်း ထုတ်ပြန်ထားပါတယ်။

-ဝေဝေ