တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းကို သြဂုတ် ၉ ရက်တွင် ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်မည်

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းတွေကို သြဂုတ် ၉ ရက်၊ နံနက် ၀၀:၃၀ တွင် ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ အောင်စာရင်းတွေကို သတ်မှတ်ရက်မှာ ယခင်နှစ်များကဲ့သို့ စာစစ်ဌာနများနှင့် အခြေခံပညာအထက်တန်းကျောင်းတွေမှာ ကပ်ထားခြင်းမပြုဘဲ ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေဖြစ်တဲ့ www.moe.gov.mm နဲ့ www.myanmarexam.org တို့မှာကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်းတွေကို ဝက်ဘ်ဆိုက်မှ အသိပေးထုတ်ပြန်ကြေညာမယ့်အပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနတွေနဲ့ အင်တာနက်အဆက်အသွယ် မရရှိသော စာစစ်ဌာ​နတွေရဲ့ အောင်စာရင်းတွေကို မြန်မာ့အသံရေဒီယို အစီအစဥ် Skynet Education Channel တို့မှလည်း အောင်စာရင်းထွက်တဲ့ နေ့မှာ ကြေညာပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

အွန်လိုင်းအောင်စာရင်းထုတ်ပြန်ပြီး နောက်ရက်ဖြစ်တဲ့ သြဂုတ် ၁၀ ရက်မှာ သက်ဆိုင်ရာ စာစစ်ဌာနရဲ့ အောင်စာရင်းတွေကို ကျောင်းအုပ်ကြီးနဲ့ တာဝန်ကျ ဆရာ/ဆရာမတွေရဲ့ ကြီးကြပ်မှုနဲ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အတွင်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

-သန္တာ