တက္ကသိုလ်များ၏ လွတ်လပ်သောစီမံခန့်ခွဲနိုင်မှုကို ပံ့ပိုးနိုင်ရေးအတွက် သုတေသနသည်အရေးကြီး

တက္ကသိုလ်‌တွေရဲ့ လွတ်လပ်သောစီမံခန့်ခွဲနိုင်မှုကို ပံ့ပိုးနိုင်ရေးအတွက် သုတေသနမှာ အရေးကြီးကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။

သုတေသနသည် တက္ကသိုလ်၏အသက် ဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုနှင့် တက္ကသိုလ်များ၏ လွတ်လပ်သောစီမံခန့်ခွဲနိုင်မှုကို ပံ့ပိုးနိုင်ရေးအတွက် သုတေသနသည် လွန်စွာအရေးကြီးကြောင်း၊ သို့ဖြစ်ပါ၍ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် တက္ကသိုလ်များ၏ သုတေသနနှင့် ဆန်းသစ်တီထွင်မှုကဏ္ဍ၌ အမြောက်အမြား ရင်းနှီးမြှုပ်နှံကြကြောင်း၊ ယေဘုယျအားဖြင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှု၊ ပညာရေးနှင့် အလုပ်အကိုင်ရရှိမှု၊ စက်ရုံအလုပ်ရုံများနှင့် နည်းပညာလွှဲပြောင်းမှု၊ ပြည်သူပိုင်နှင့် ပုဂ္ဂလိကပိုင်ကဏ္ဍ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ အတွက် တက္ကသိုလ်သည် အရေးကြီးသောကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ Artificial Intelligence (AI), Robotics, Big Data, Cloud Computing,Internet of Things (IoT) ကဲ့သို့သော Automation Technology သည် လျင်မြန်စွာ တိုးတက်လာနေပြီး ဒီဂျစ်တယ် စီးပွားရေး၊ လုပ်သားဈေးကွက်ပြောင်းလဲမှု၊ ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်လာနေမှုကြောင့် သီအိုရီနှင့် လက်တွေ့ပေါင်းစပ်၍ သင်ယူလေ့လာရသော အရည်အသွေးရှိသည့်ပညာရေးကို ပိုင်ဆိုင်သည့် ကလေးများ၊ ကျောင်းသားများ၊ ဘဝတစ်သက်တာသင်ယူသူများကသာလျှင် အဆင့်မြင့် ကျွမ်းကျင်မှုတို့ကို အသုံးချလျက် မညီမျှမှုများ ဆိုးဆိုးရွားရွားကြီးထွားလာမှုကို တားဆီးနိုင်မည် ဖြစ်ကာ လူတိုင်းအတွက် သာယာဝပြောသောအနာဂတ်ကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ ပညာရပ် နယ်ပယ်တစ်ခုနှင့် သက်ဆိုင်သော (Disciplinary)၊ ပညာရပ်နယ်ပယ်တစ်ခုထက် ပိုသော ပေါင်းစပ်သင်ယူမှု ‌(Interdisciplinary) နှင့် တွေးခေါ်မှုကိုအားပေးသော ပညာဗဟုသုတ (Epistemic) တို့နှင့်သက်ဆိုင်သော ပညာရပ်နယ်ပယ်များကို မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ ကွန်ပျူတာနှင့် IT နည်းပညာများ၊ ကျွမ်းကျင်မှုသစ်များ၊ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုများကိုလည်း မြှင့်တင်ပေးရမည်ဖြစ်ကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့ပါတယ်။

အဆိုပါ အမှာစကားကို ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်အထိမ်းအမှတ် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ အကြိမ် (၂၀) မြောက် သုတေသနညီလာခံမှာပြောကြားခဲ့တာဖြစ်ပြီး ညီလာခံကို ဒီဇင်ဘာ ၂၁ ရက်က ကျင်းပခဲ့တာဖြစ်ပါတယ်။

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««