တက္ကသိုလ်နှင့် ကျောင်းများတွင် မှတ်ပုံတင်ခြင်း၊ ငွေသွင်းခြင်းနှင့် အောင်လက်မှတ်ထုတ်ခြင်း အတွက် အွန်လိုင်းစနစ်ဖြင့် အားပေးဖြည့်ဆည်းရန် လိုအပ်

တက္ကသိုလ်နဲ့ ကျောင်းတွေမှာ မှတ်ပုံတင်ခြင်း၊ ငွေသွင်းခြင်း၊ အောင်လက်မှတ်ထုတ်ခြင်းတို့ အတွက် ဒီဂျစ်တယ်/အွန်လိုင်းစနစ်နဲ့ ဒီဂျစ်တယ်ဘဏ်စနစ် တို့ကို အားပေးဖြည့်ဆည်းရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

ပညာရေးဝန်ကြီးဌာနတွင် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုမြှင့်တင်ရေးသင်တန်း (၉) ကြိမ်၊ အိုင်စီတီနည်းပညာဆိုင်ရာသင်တန်း (၇) ကြိမ်နဲ့ စီမံခန့်ခွဲမှု၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုသင်တန်းများကို ပို့ချလေ့ကျင့်ခဲ့ပါတယ်။ အရည်အချင်းပြည့်ဝတဲ့ ဆရာ ဆရာမများ ဖြစ်ထွန်းစေရေးအတွက် အရည်အသွေး မြှင့်တင်ပေးရမှာ ဖြစ်သကဲ့သို့ စီမံခန့်ခွဲရေးဝန်ထမ်းများကိုလည်း အရည်အသွေးမြှင့်တင်ပေးရမှာ ဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ခေတ်နှင့်အညီ သင်ကြားသင်ယူမှုစနစ် မြှင့်တင်ရန်နှင့် စီမံခန့်ခွဲမှုစနစ် မြှင့်တင်နိုင်ရန်အတွက် လိုအပ်သောနည်းပညာနှင့် အခြေခံအဆောက်အအုံများကို ပံ့ပိုး ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်နှင့် ကျောင်းများတွင် မှတ်ပုံတင်ခြင်း၊ ငွေသွင်းခြင်း၊ အောင်လက်မှတ်ထုတ်ခြင်းတို့ အတွက် ဒီဂျစ်တယ်/ အွန်လိုင်းစနစ်နဲ့ ဒီဂျစ်တယ်ဘဏ်စနစ် တို့ကို အားပေးဖြည့်ဆည်းရန် လိုအပ်ကြောင်း၊ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍတွင် ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် ကာလတိုသင်တန်း၊ ဒီပလိုမာသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသကဲ့သို့ သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ပေါင်းစပ်သင်ယူမှု အားပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲခြင်းအတွက် ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ပညာရေးဝန်ထမ်းများနဲ့ ရှင်းလင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP 2021-2030) ရေးဆွဲခြင်းအတွက် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်းများ၊ စိတ်ပါဝင်စားသူ အမှုထမ်းများနဲ့ NESP 2 ရေးဆွဲရေးအဖွဲ့များ (Drafting Teams) နဲ့ ရှင်းလင်းဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၀ ရက်က နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနမှာ ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ကျင်းပခဲ့ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««