တက္ကသိုလ်စိန်ခေါ်မှုများ (University Challenges) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တက္ကသိုလ်စိန်ခေါ်မှုများ (University Challenges) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၆ ရက် မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်လျက်ရှိပါတယ်။

ဆွေးနွေးပွဲကို အဆင့်မြင့်ပညာရေးကို ပိုမို ဖွံ့ဖြိုးတိုးတက်သော စီမံခန့်ခွဲမှုနှင့် သုတေသနစွမ်းရည်တို့ဖြင့် ပြုပြင် ပြောင်းလဲမြှင့်တင်ရန်၊ တက္ကသိုလ်များ ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားများ၏ ကောင်းမွန်သည့် အရည်အသွေးများ မြှင့်တင်နိုင်ရေးအတွက် တက္ကသိုလ်အလိုက် စီမံချက်များ ချမှတ်ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ပညာရေးဝန်ကြီးဌာန၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်နှင့် ပါမောက္ခချုပ်များကော်မတီတို့၏ ဦးဆောင်မှုဖြင့် အမျိုးသားအဆင့်မြင့်ပညာ ဖွံ့ဖြိုးရေးကျောင်း (National Institute for Higher Education Development – NIHED), Advance HE နဲ့ ဗြိတိသျှကောင်စီတို့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်ကျင်းပပေးသူများ အားလုံး၊ Advance HE နှင့် ဗြိတိသျှကောင်စီတို့ကို ကျေးဇူးတင်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အလမ်းများတို့ကို အထောက်အကူပြုသော မူဝါဒများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် မည်သည့်ခွဲခြားမှုမျှ မရှိစေရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရေး၊ ကျောင်းထွက်သူပပျောက်ရေး၊ သင်ယူမှုအခွင့်အလမ်း မဆုံးရှုံးစေရေး ဟူသော မူဝါဒများ ပါဝင်ကြောင်း၊ ထို့အပြင် ပညာရေးဝန်ကြီးဌာန၏ ပင်မတန်ဖိုးထားသည့် မျှော်မှန်းချက်များ (Core Values of Goals) ဖြစ်ကြသော (၁) မျက်မှောက်ခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်‌ဖြေရှင်းနိုင်မည့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစား ရိုင်းပင်းကူညီတတ်သော ကမ္ဘာ့လူသားကောင်းဖြစ်မှု (၂) ပူးပေါင်းသင်ယူခြင်း၊ ပူးပေါင်းလုပ်ကိုင်ခြင်း၊ ပူးပေါင်းနေထိုင်ခြင်း တို့ကို အသင်းအဖွဲ့ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်တတ်မှု (၃) စုပေါင်းအင်အားဖြင့် တာဝန်ယူ တာဝန်ခံ၍ ကောင်းမွန်စွာ ဆောင်ရွက်တတ်ခြင်း၊ မှန်ကန်မှုရှိသော ကိစ္စရပ်များကိုသာ ဆောင်ရွက်ခြင်း (၄) ကမ္ဘာကြီးအတွက် အကောင်းဆုံးဆောင်ရွက်ပေးနိုင်မည့် ပိုမိုတိုးတက်ကောင်းမွန်သော နည်းလမ်းများကို ရှာဖွေလေ့လာ‌ ဖော်ထုတ်တတ်သည့် ဆန်းသစ်တီထွင်မှုနှင့် တီထွင်ဖန်တီးမှုများကို ပိုင်ဆိုင်ကြစေရန် ဦးတည် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြောပါတယ်။

ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ်၊ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုး၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုကော်မတီတို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဗြိတိသျှကောင်စီမှ ဋ္ဌာနေကိုယ်စားလှယ် Ms Sarah Deverall၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««