ဈေးသက်သာတဲ့ ၅.၅ လက်မ iPhone ကို Apple ထုတ်လုပ်ဖွယ်ရှိ

Apple ဟာ မျက်နှာပြင် ၅.၅ လက်မအရွယ် ဈေးနှုန်းသက်သာတဲ့ဖုန်းကို ထုတ်လုပ်ဖွယ်ရှိပါတယ်။ iOS 14 မှာ တွေ့ရတဲ့ သက်သေကို ဖော်ပြပြီး 9to5Mac ကဖော်ပြခဲ့ပါတယ်။ Apple ဟာ ၄.၇ လက်မအရွယ် LCD ဖုန်းကို မကြာခင်မှာ ဖြန့်ချိနိုင်ကာ အတွင်းပိုင်းအဆင့်မြှင့်တင်ပြီး iPhone 8 ဒီဇိုင်းကို ပြန်လည် အသုံးပြုဖွယ်ရှိတယ်လို့ ကောလာဟလ ထွက်ပေါ်နေပါတယ်။ Apple အနေနဲ့ Plus ဗားရှင်းအဖြစ် ၅.၅ လက်မ မျက်နှာပြင်အရွယ်အစား iPhone 8 Plus ဒီဇိုင်းကို အသုံးပြုနိုင်ပါတယ်။

ဖုန်းသစ်မှာ မူလ iPhone 8 နဲ့ iPhone 8 Plus လိုမျိုး solide state home ခလုတ် ပါဝင်လာပြီး Touch ID ကို ထည့်သွင်းဖွယ်ရှိပါတယ်။ ဒါ့အပြင် ကူးသန်းသွားလာရေးအတွက် ငွေပေးချေနိုင်မယ့် Apple Pay ရဲ့ Express Transit feature ပါဝင်လာနိုင်ပါတယ်။ ဖုန်းသစ်က app နဲ့ဖွင့်စရာမလိုတဲ့ NFC tag ကို scan လုပ်နိုင်မယ့် feature လည်းပါဝင်လာမယ်လို့ သိရပါတယ်။ အဲဒီ feature က iPhone XS, iPhone XR နဲ့ iPhone 11 မှာ ပါဝင်လာပါတယ်။

မျက်နှာပြင် ၄.၇ လက်မ ဈေးနှုန်းသက်သာတဲ့ iPhone မှာ internal storage 64GB ဒါမှမဟုတ် 128GB ပါဝင်လာပြီး မီးခိုး၊ ငွေ ဒါမှမဟုတ် အနီနဲ့ ရောင်းချမယ်လို့ လေ့လာဆန်းစစ်သူ မင်ချီကူကပြောထားပါတယ်။ ဒါပေမဲ့ Plus မော်ဒယ်ဖြစ်တဲ့ ၅.၅ လက်မ မော်ဒယ်ကတော့ ဒေါ်လာ ၁၀၀ ထပ်မံ ကျသင့်နိုင်ပါတယ်။

စိုးထက်
Ref: TheVerge