
ယနေ့ကာလမှာ စမတ်ဖုန်းဈေးကွက်ထဲ ဈေးနှုန်းသက်သာပြီး ကောင်းမွန်တဲ့ ဖုန်းပေါင်းများစွာ ရှိနေပါပြီ။ ဈေးနှုန်းကလည်း တရိပ်ရိပ်ကျဆင်းနေပြီး software ပိုင်းလည်း ပိုမိုကောင်းမွန်လာပါတယ်။ အောက်မှာတော့ CNET ဝက်ဘ်ဆိုက်ရဲ့ အယ်ဒီတာအဖွဲ့က ရွေးချယ်ထားတဲ့ ဈေးနှုန်းမမြင့်မားတဲ့ဖုန်းတွေကို ဖော်ပြလိုက်ပါတယ်။
(၁) Apple iPhone 7
ဈေးနှုန်း- ၄၄၉ ဒေါ်လာ
၂၀၁၆ ခုနှစ်ထုတ် iPhone 7 ဟာ Apple ရဲ့ဈေးနှုန်းသက်သာမှုအရှိဆုံးဖုန်း ဖြစ်ပါတယ်။ အခုစာရင်းမှာတော့ ဈေးနှုန်းအမြင့်ဆုံးဖုန်း ဖြစ်နေပါတယ်။ iPhone 7 ဟာ အလွန်ကောင်းမွန်တဲ့ဖုန်းဖြစ်ပြီး iPhone XS လိုမျိုး နောက်ဆုံးပေါ် ပရိုဆက်ဆာတော့ မပါဝင်ပါဘူး။ iPhone 7 ဟာ ရေစိုခံနိုင်ရည်ရှိကာ physical ဖြစ်တဲ့ home ခလုတ်နဲ့ ကင်မရာမှာ optical image stabilization တို့ပါဝင်လာပါတယ်။
(၂) Samsung Galaxy J3 (၂၀၁၈)
ဈေးနှုန်း-ဒေါ်လာ ၁၃၀ ကနေ ၂၁၀အထိရှိနိုင်
J3 ရဲ့ကင်မရာနဲ့ စွမ်းဆောင်ရည်က ပုံမှန်အတိုင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဖြုတ်နိုင်၊ တပ်နိုင်တဲ့ ဘက်ထရီနဲ့ ကျစ်လျစ်တဲ့ဒီဇိုင်း အသုံးပြုထားပါတယ်။
(၃) Motorola Moto G6
ဈေးနှုန်း- ဒေါ်လာ ၂၃၀
Moto G6 ဟာ Android Oreo စစ်စစ်အသုံးပြုထားတဲ့ ထုတ်ကုန်ဖြစ်ပြီး ကျောဘက်ကင်မရာ ၂ လုံးနဲ့ အားသွင်းမြန်ဆန်တဲ့စနစ် အပြင် ဒီဇိုင်းက သပ်ရပ်ပါတယ်။ G6 ဟာ မနှစ်ကထွက်ရှိတဲ့ Moto G5 ဒါမှမဟုတ် G5 Plus လောက်ဘက်ထရီသက်တမ်း တာရှည်မခံပေမယ့် သင့်တင့်ပါတယ်။
(၄) Motorola Moto G6 Play
ဈေးနှုန်း- ၁၉၄ဒေါ်လာ
Moto G6 Play က ဘက်ထရီသက်တမ်း ပိုမို ကောင်းမွန်သလို ဈေးနှုန်းလည်း သက်သာပါတယ်။ မျက်နှာပြင်အရွယ်အစားက ၅.၇ လက်မရှိပြီး octa-core ပရိုဆက်ဆာနဲ့ ရေစိုလည်းခံနိုင်ပါတယ်။
(၅) Nokia 6 (၂၀၁၈)
ဈေးနှုန်း- ဒေါ်လာ ၁၈၀
Nokia ရဲ့ 8 Sirocco ဖုန်းလောက် ဈေးနှုန်းမမြင့်မားတဲ့ Nokia 6 ဟာ ဈေးနှုန်းသင့်တင့်လွန်းပါတယ်။ မျက်နှာပြင်အရွယ်အစား ၅.၅ လက်မရှိပြီး Snapdragon 630 chipset နဲ့ 16-megapixel ကင်မရာလည်း ပါဝင်လာပါတယ်။
Nokia 6.1 လည်းရှိပြီး ဒေါ်လာ ၂၂၅ နဲ့ဝယ်ယူနိုင်ပါတယ်။ Nokia 6 ထက် စွမ်းဆောင်ရည် ၆၀ ရာခိုင်နှုန်း မြန်ဆန်ပါတယ်။
(၆) Motorola Moto E5 Play
ဈေးနှုန်း- ၁၄၄ ဒေါ်လာကနေ ၁၉၂ ဒေါ်လာအထိ ရှိနိုင်
E5 Play ဟာ ကြံ့ခိုင်တဲ့ အလယ်အလတ်တန်းစား ဖုန်းတစ်မျိုးဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစား ၅.၂ လက်မ ရှိပြီး ကျောဘက်ကင်မရာ 8-megapixel နဲ့ဘက်ထရီကတော့ 2,800mAh ရှိပါတယ်။
(၇) ZTE Blade Max 2S
ဈေးနှုန်း- ဒေါ်လာ ၁၈၀
ZTE Blade Max 2S မှာ ဘက်ထရီ 4,000mAh ပါဝင်ပြီး Android 8.0 Oreo ကိုအသုံးပြုထားပါတယ်။ ဒါ့အပြင် ကျောဘက်ကင်မရာ 13-megapixel တစ်လုံးပဲပါဝင်ပြီး ရှေ့ကင်မရာကတော့ 5-megapixel ဖြစ်ကာ 1.4GHz octa-core ပရိုဆက်ဆာ ထောက်ပံ့ထားပါတယ်။
(၈) Huawei Honor 9 Lite
ဈေးနှုန်း- ဒေါ်လာ ၂၈၀
Honor 9 Lite ဟာ ဈေးနှုန်းသက်သာတဲ့ ဖုန်းဖြစ်ပါတယ်။ မျက်နှာပြင်အရွယ်အစားက ၅.၆ လက်မရှိပြီး ကင်မရာ ၄ လုံး ပါဝင်လာပါတယ်။
(၉) Huawei Honor 7X
ဈေးနှုန်း- ဒေါ်လာ ၂၀၀
Honor 7X မှာသတ္တုစပ်ကိုယ်ထည်ကို အသုံးပြုထားပြီး ဘေးဘောင်ပါးလွှာကာ မျက်နှာပြင်အရွယ်အစား ၅.၉ လက်မ ဖြစ်ပါတယ်။ ဒါ့အပြင် fingerprint scanner နဲ့တိုးချဲ့နိုင်တဲ့ storage ကိုအသုံးပြုထားပါတယ်။
(၁၀) Motorola Moto E5 Plus
ဈေးနှုန်း- ဒေါ်လာ ၁၅၀
E5 Plus မှာတော့ မျက်နှာပြင် ၆ လက်မ ပါဝင်တဲ့အတွက် Motorola E စီးရီးရဲ့အကြီးမားဆုံး ဖြစ်လာပါတယ်။ ကင်မရာကတော့ 12-megapixel ဖြစ်ပြီး octa-core ပရိုဆက်ဆာနဲ့ ဘက်ထရီ 5,000mAh အထိ ပါဝင်လာပါတယ်။
(၁၁) Alcatel Idol 5S
ဈေးနှုန်း- ဒေါ်လာ ၂၈၀
Alcatel Idol 5S ကိုယ်ထည်က အလွန်အဆင့်မြင့်ပြီး စပီကာတွေနဲ့ fingerprint reader တစ်ခုတို့ပါဝင်သလို ဈေးနှုန်းလည်း သက်သာပါတယ်။ ဘက်ထရီကလည်း ၇ နာရီနဲ့ ၄၈ မိနစ်အထိ အသုံးပြုနိုင်ပါတယ်။
(၁၂) Nokia 1
ဈေးနှုန်း- ဒေါ်လာ ၈၀
Nokia ရဲ့ ဈေးနှုန်း အသက်သာဆုံး ဖုန်းဖြစ်ပြီး Andorid One အသုံးပြုထားကာ ပလတ်စတစ်ကိုယ်ထည်နဲ့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဖုန်းအတွက် စတိုင်ကျတဲ့အရောင်တွေရှိပြီး ဘက်ထရီကိုလည်း ဖြုတ်နိုင်၊ တပ်နိုင်ပါတယ်။ Nokia 1 မှာ SIM card အပေါက် ၂ ခုပါဝင်ပြီး storage ကိုလည်း တိုးချဲ့နိုင်ပါတယ်။
စိုးထက်
Ref: CNET