ဈေးနှုန်းသက်သာတဲ့ ARM laptop တွေအတွက် Qualcomm ရဲ့ Snapdragon 8c နဲ့ 7c ပရိုဆက်ဆာ

Qualcomm ဟာ နှစ်ပေါင်းများစွာတိုင်တိုင် ARM ထောက်ပံ့မှုပါဝင်တဲ့ Windows laptop အတွက် ရည်မှန်းချက်တွေ ရှိပါတယ်။ Qualcomm အနေနဲ့ နှစ်စဉ်ပြုလုပ်နေကျ Snapdragon Tech Summit မှာ Snapdragon 8c နဲ့ Snapdragon 7c တို့ကို ထုတ်ဖော်မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ ပရိုဆက်ဆာအသစ် ၂ ခုဟာ Windows laptop တွေအတွက် ARM ချစ်ပ်ထုတ်ကုန်အတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

Snapdragon 8c ကတော့ Snapdragon 850 ပရိုဆက်ဆာနေရာ အစားထိုးသွားမှာ ဖြစ်ပါတယ်။ Snapdragon 7c ကတော့ ဈေးနှုန်းသက်သာတဲ့ Windows laptop တွေနဲ့ ယှဉ်ပြိုင်မယ့် ထုတ်ကုန်သစ်တွေမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။ မနှစ်က မိတ်ဆက်ခဲ့တဲ့ 8cx ကတော့ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ ထုတ်ကုန်အဖြစ် ဆက်လက်ရှိနေပါတယ်။

8c ဟာ Snapdragon 850 နဲ့နှိုင်းယှဉ်ရင် စွမ်းဆောင်ရည် ၃၀ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ ဒါ့အပြင် Kryo 490 CPU, Adreno 675 GPU နဲ့ X24 LTE modem တို့ပေါင်းစပ်ထားပါတယ်။ ထုတ်ကုန်ဖြန့်ချိသူတွေက X55 5G modem နဲ့လည်းတွဲဖက်နိုင်ပါတယ်။

7c ကတော့ အရည်အသွေး နိမ့်ပါးပေမယ့် octa-core Kryo 468 CPU, Adreno 618 GPU နဲ့ X15 LTE modem တို့ပါဝင်လာပါတယ်။ 5G ထောက်ပံ့မှုတော့ မပါဝင်ပါဘူး။ 7c ဟာ ဈေးနှုန်းသက်သာတဲ့ Windows ကွန်ပျူတာတွေနဲ့ စာရင် ဘက်ထရီသက်တမ်း ၂ ဆ မြင့်မားလာသလို စွမ်းဆောင်၂၅ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

စိုးထက်
Ref: TheVerge