ဇူလိုင်လအတွင်း အခြေခံပညာကျောင်းများပြန်ဖွင့်ပါက အထက်တန်းအဆင့်ကို ဦးစားပေးဖွင့်လှစ်မည်

ဇူလိုင်လအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက အထက်တန်းအဆင့်ကို ဦးစားပေးဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်မယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အခြေခံပညာလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ကျန်းမာရေးနှင့်ညီညွတ်သော လုံခြုံဘေးကင်း၍ အရည်အသွေးကောင်းမွန်သည့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းများ ဖွင့်လှစ်ရာတွင် တွေ့ကြုံရမည့် လိုအပ်ချက်၊အားနည်းချက်များကို ပြင်ဆင်ပြီးမှသာ အလယ်တန်းနှင့် မူလတန်းများ တစ်ဆင့်ချင်းစီ ဆက်လက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များအား တိကျစွာလိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး ဆရာဆရာမများ၊ မိဘများနှင့် ကျောင်းသား ကျောင်းသူများ လိုက်နာ ရမည့်အချက်များဖြစ်သည့် ကျောင်းသို့မလာမီနှင့် လာရောက်စဉ် မိဘနှင့် ကျောင်းသား ကျောင်းသူများ လိုက်နာရမည့် အချက်များ၊ ကျောင်းသို့ရောက်ရှိပြီး စာသင်ကြားချိန်တွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား ကျောင်းသူများ လိုက်နာရမည့် အချက်များ၊ မုန့်စားနားချိန်နှင့် ထမင်းစားနားချိန်တွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား ကျောင်းသူများ လိုက်နာရမည့်အချက် များ၊ စာသင်ကြားပြီး ကျောင်းမှအပြန်တွင် မိဘနှင့်ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့်အချက်များ၊ ကျောင်းတွင်းရှိ စာသင်ခန်းများတွင် ပြင်ဆင်ထားရှိရမည့် အချက်များတို့ကို လိုက်နာဆောင်ရွက်ရန်အတွက် အချိန်မီပြုစုတင်ပြရမည် ဖြစ်ကြောင်း၊ COVID-19 ကူးစက်မြန်ရောဂါဖြင့် ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိသူများ တွေ့ရှိနေရပါသဖြင့် ကျောင်းများပြန်လည် ဖွင့်လှစ်ရန် အထူးသတိပြု လိုက်နာစီစဉ် ဆောင်ရွက်ရမည်မှာ လူတိုင်းပြန်လည်အသုံးပြု၍ရသော Mask တပ်ဆင်ရန်နှင့် နေ့စဉ် လူအများ တွေ့ဆုံမှုလျှော့ချရန်၊ လူအုပ်စုများဖြစ်ပေါ်လာနိုင်မှုကို လျှော့ချရန် အရေးကြီးကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး အခြေခံပညာလုပ်ငန်းညှိနှိုင်းအစည်း အဝေး (၄/၂၀၂၀) ကို မေ ၂၅ ရက်က နေပြည်တော် ရုံးအမှတ်(၁၃) ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့် အမျိုးသားပညာရေးမူဝါဒကော်မရှင်မှတာဝန်ရှိသူများ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ပြည်နယ်ပညာရေးမှူးများနဲ့ Video Conferencing နဲ့ကျင်းပခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာန အနေနဲ့ မည်သည့်ခွဲခြားမှုမျှမရှိကြောင်း၊ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ ကျောင်းထွက်သူမရှိရေးတို့ကိုအခြေခံ၍ ကျောင်းနေအရွယ် ကလေးအားလုံး အရည်အသွေးရှိသော သင်ယူမှု အခွင့်အလမ်းမြင့်မားစေရေးကို ဦးတည်လျက် အခြေခံပညာကျောင်းများအားလုံး ပြန်လည် ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

-သန္တာ

Photo Credit: Education Information Department